ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-09-17
Share to
မြေပဲသီးနှံတွင် Ca နှင့် B အရေးပါမှု

မြေပဲသီးနှံတွင် အရည်အသွေး ပြည့်ဝသော အစေ့အဆံများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်အတွက် မြေပဲ သီးတောင့် ဖြစ်ပေါ်မှုအတွက် အရေးပါသော ကယ်လ်ဆီယမ်နှင့် ဘိုရွန်၏ အရေးပါပုံကို ရေးသားဖော်ပြလိုက်ပါတယ်။

မြေပဲသီးနှံတွင် ကယ်လ်ဆီယမ်ဓာတ် များစွာလိုအပ်ပြီး အပင်အမြစ်နှင့် အညွန့်များကို ဖွံ့ဖြိုး ရှည်လျားစေပါတယ်။ မြေပဲမှ ချလိုက်သော စွယ်များကို အဆံ ပြည့်ဝစေရန် အဆံဖြည့်ချိန်တွင် ကယ်လ်ဆီယမ် ကို ၉၀% ထိ လိုအပ်ပါတယ်။

ကယ်လ်ဆီယမ်ဓာတ်သည် အပင်အတွင်း ရွေ့လျားနိုင်မှု အားနည်းသော ကြောင့် အဓိက ပင်ကိုယ်ထည်မှ အတောင့်ဖွဲ့စည်းတည်ဆောက်ပုံအထိ ရွေ့လျားနိုင်မှုအားနည်းသည်။ ထို့ကြောင့် မြေပဲ တွင် ကယ်လ်ဆီယမ်ချို့တဲ့မှုအားနည်းနိုင်သည်။

မြေပဲတောင့်သည် သူကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကို မြေထဲကနေ တိုက်ရိုက်စုပ်ယူပါတယ်။

ကယ်လ်ဆီယမ်ချို့တဲ့ပါက မြေပဲ အတောင့် ဖြစ်သော်လည်း အစေ့အဆံမပါသော လေဥများဖြစ်ပေါ်နိုင်သည်။ ဒါကြောင့် မြေပဲစိုက်ခင်း မြေပြင်ချိန်တွင် တစ်ကြိမ်၊ ပေါင်းမြက်ရှင်းချိန် ဘောင်ထပ်ချိန်မှာတစ်ကြိမ် ကယ်လ်စီယမ်ပါသော မြေသြဇာ၊ သို့မဟုတ် ဂျစ်ပဆန် ကျောက်မှုန့်မြေသြဇာကို အစုံအပေါက် ထည့်ပေးဖို့ လိုပါတယ်။

ဘိုရွန်သည်လည်း မြေပဲ အရည်အသွေးမြင့်မားပြီး အထွက်တိုးစေ ရန် အရေးပါသည်။ မြေပဲကြီးထွားမှု အဆင့်တိုင်းတွင် လိုအပ်ပြီး အထူးသဖြင့် ပန်းပွင့်ချိန်မှ ရိတ်သိမ်းချိန်အထိလိုအပ်သည်။ အထူးသဖြင့် နိုက်ထရိုဂျင် ဖမ်ယူပေးခြင်းနှင့် ပရိုတိန်းထုတ်လုပ်ပေးခြင်းအတွက် ပဲမြစ်ဖုများ၏ စွမ်းဆောင်ရည်ကို တိုးမြင့်စေပါတယ်။

ကယ်လ်ဆီယမ်၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေပြီး ပန်းများများ ပွင့်ကာ စွယ်များများ ချစေနိုင်ပါတယ်။ ဘိုရွန်ချို့တဲ့ပါက အစေ့အဆံ အရောင်ပျက်ပြီး အတွင်းသားချိုင့်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ ပန်းပွင့်ချိန်တွင် ချို့တဲ့ပါက ပန်းဆက်မပွင့်နိုင်ပဲ ကန်းသွားသည်အထိဖြစ်နိုင်ပါတယ်။

သို့ဖြစ်ပါ၍ ပန်းစပွင့်ချိန်နှင့် သီးတောင့် စတင်ဖြစ်ပေါ်ချိန်တွင် ဘိုရွန် ထည့်ပေးသင့်ပါတယ်။

မြေပဲစိုက်တောင်သူကြီးများ မြေပဲ သီးတောင့် အတွက် အဓိက လိုအပ်သော ဘိုရွန်နှင့် ကယ်လ်ဆီယမ် ကို မှန်ကန်သောအချိန် မှန်ကန်သော နှုန်းထား ဖြင့် ထည့်သွင်းပေးကြပါစို့။