ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-09-17
Share to
စပါးခင်းများရေလွှမ်းပြီးလျှင် ဘယ်လိုပြုပြင်ရမလဲ

မြန်မာနိုင်ငံ၏ အချို့ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ မိုးရေချိန်များ၍ စပါးခင်းများ ရေလွှမ်းနစ်မြုပ်မှုများစွာ ဖြစ်ပေါ်နေရပါသည်။ ရေနစ်မြုပ်စပါးခင်းများပျက်စီးရခြင်းမှာ စပါးပင်အတွင်း နေရောင်ခြည်နှင့်အစာချက်လုပ်မှုဖြစ်စဉ် ရပ်တန့်သွား၍ အပင်တွင်းအောက်ဆီဂျင်ပြတ်တောက်၍ ဆုံးရှုံးမှုများဖြစ်ပွားရပါသည်။

စပါးခင်းများရေကြာကြာနစ်မြုတ်ခံရလျှင် ဆုံးရှုံးမှုပိုမိုများနိုင်ပါသည်။ ဆုံးရှုံးမှုများခြင်း မများခြင်းဟာလဲ စပါးပင်သက်တမ်းနှင့် များစွာသက်ဆိုင်မှုရှိပါသည်။ ကြဲခင်းများနှင့် ရွှေ့စိုက်စပါးခင်းများတွင် အပင်သက်တမ်းအရမ်းငယ်နေလျှင် နှင့် မှို့ကပ်ချိန်အထက်ကာလများတွင် ရေလွှမ်းမှုဖြစ်ပေါ်ပါက ဆုံးရှုံးမှုပိုများနိုင်ပါသည်။

မိမိစပါးခင်းရေလွှမ်းမှုခံရပါက ရေပြန်ကျမည့်အချိန်ကိုစောင့်၍ ပြန်လည်စိုက်ပျိုးသင့် မသင့်ကိုစဉ်းစားရမည် ဖြစ်ပါသည်။ ရေပြန်ကျသွားသည့်အခါ စပါးခင်းအတွင်းပျက်စီးဆုံးရှုံးမှုကို အရင်ဆုံး ဆန်းစစ်ရပါမည်။

ပင်ပွားထွက်ချိန်တွင် ရေလွှမ်းမိုးမှု ဒဏ်ခံရပါက ပျက်စီးရှုံးမှုနည်းလျှင် ကျန်ရှိနေသောအပင်ရှိပင်ပွားများအား ခွဲယူ၍ ပျက်စီးသွားသောနေရာများတွင် အစားထိုးစိုက်ပေးရပါမည်။ အစားထိုးစိုက်သောပင်ပွားများ အမြစ်စွဲချိန်တွင် ကျောက်မှုန့်(ဂျစ်ပဆမ်) နှင့် မြေသြဇာ တစ်မျိုးမျိုး ထည့်သွင်းပေးရပါမည် ။

ရေမြုတ်ပြီးအခင်းများ မြေသြဇာကျွေးရာတွင်လည်း ပုလဲသီးသန့်ကျွေးခြင်းကိုရှောင်ကျဉ်ရပါမည် ပုလဲဓာတ်နှင့် အခြားအာဟာရဓာတ်များ သင့်တင့်မျှတစွာ ရောစပ်ထားသောမြေသြဇာကိုသာသုံးသင့်ပါသည်။

အဘယ်ကြောင့်ဆိုသော် ရေမြုတ်ပြီးရေပြန်ကျသွားချိန်တွင် ပင်စည်နှင့်အရွက်များ တွင်ဒဏ်ရာများဖြစ်ပေါ်ပြီး ထိုပေါက်ပြဲဒဏ်ရာများမှတစ်ဆင့် ရောဂါများ ဝင်နေနိုင်သောကြောင့်ဖြစ်သည်။ နိုက်ထရိုဂျင် ဓာတ်လွန်ကဲစွာကျွေးမိလျှင် ရောဂါကျရောက်မှုကိုပိုမို အားပေးနိုင်သောကြောင့်ဖြစ်သည်။

ရေလွှမ်းမိုးမှုကြာရှည်သွား၍ အခင်းပျက်စီးသွားပါက ရေကျသွားသောအချိန်တွင် ကန်သင်းလုံအောင်ပြုပြင်ပြီး လက်ကျန်အပင်အကြွင်းအကျန်များ မရှိအောင်ထယ်ထိုးမြေမြုတ်ပြီး ဖယ်ရှားရမည်။ လက်ကျန်အပင်အကြွင်းအကျန်များ အားမဖယ်ရှားလျှင် မြေဆောင်ရောဂါများ နှင့် နီမတုတ်ပိုးကျခြင်း များနှစ်တိုင်းဖြစ်ပွားနိုင်သည် ။ သံဆိပ်သင့်ခြင်းလဲ ဆိုးရွားစွာဖြစ်ပေါ်တတ်သည်။

သံဆိပ်သင့်မှု လက္ဒဏာကို စပါးစိုက်ပြီး ၁ ပတ် ၂ ပတ် အတွင်းတွေ့မြင်နိုင်သည်။ တခါတရံ နှစ်လကျော်မှသာတွေ့ရသည်။ သံဆိပ်သင့်မှုကိုကုစားရန်မှာ ဖော့စဖိတ်ဓာတ်နှင့် ပိုတက်စီယံ ဓာတ်အများဆုံးပါသောမြေသြဇာ များထည့်ပေးရပါမည်။ထို့ကြောင့် မြေပြန်ပြင်ရာတွင်လည်း အမြစ်စွဲမြန်စေရန်နှင့်သ့ဆိပ်သင့်မှုလျော့ကျစေရန် ဖော့စဖိတ် နှင့် ပိုတက် ဓာတ်အများဆုံးပါသော ကွန်ပေါင်းမြေသြဇာကို မြေခံအဖြစ် ပြန်လည်ထည့်သွင်း၍ စိုက်ပျိုးသင့်ပါသည်။

ရေလွှမ်းမိုးမှုဒဏ် ခံရပြီး ရေကျသွားသော ဒေသများမှ တောင်သူလယ်သမားများအနေဖြင့် ဤနည်းလမ်းများအတိုင်း ပြန်လည်ပြုပြင်စိုက်ပျိုးရင်း အထွက်နှုန်းကောင်းများရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ရပါတယ်ခင်ဗျာ။