ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-09-13
Share to
စိုက်ခင်းထဲက သတိမထားမိတဲ့ ရန်သူ

မြေပဲ၊ နှမ်း ၊နေကြာစသည့် ဆီထွက်သီးနှံများ စိုက်လျှင်ဖြစ်စေ၊ ပဲတီစိမ်း၊ မတ်ပဲ ၊ ပဲစဉ်းငုံ စိုက်ကြည်သည်ဖြစ်စေ ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးကို မဖြစ်မနေ အသုံးပြုကြသော်လည်း ပေါင်းရှင်းမှုကို အလေးထား လုပ်ကိုင်မှုမှာ နည်းပါးသည်။ စိုက်ခင်းအတွင်း မြင်နေရသော ပေါင်းပင်များမှာ အထူးအဆန်းမဟုတ်သလို မနှိမ်နင်းလည်း ထိခိုက်မှု နည်းပါးသည်ဟုသာ ထင်မြင်ယူဆကြသည်။

သီးနှံ ဖျက်ပိုးနှင့် အပင်ရောဂါများကိုသာ ဂရုတစိုက် ကာကွယ်ကုသကြသည်။ ပေါင်းပင်ဆိုလျှင် အများစုသည် မြက်ကိုသာ မြင်ကြ၊ သိကြလိမ့်မည်။ မိမိစိုက်ခင်းတွင် စိုက်ပျိုးထားသော သီးနှံမှလွဲလျှင် ကျန်သည့် အပင် မှန်သမျှစိုက်ခင်းထဲ ရှိနေလျှင် ပေါင်းပင်ဖြစ်သည်။ မြက်သီး၊ ကတောက်ဆတ်၊ မြက်မုန်ညှင်း၊ ဝက်လာ စသည်ဖြင့် မြက်မျိုးစုံလှသည်။ တစ်ရာသီခံ ၊ တစ်နှစ်ခံနှင့် နှစ်ရှည်ခံ ပင်ဟူ၍ရှိသည်။ ပင်ပျော့များသည် တစ်နှစ်ခံ ပင်များဖြစ်ကြသည်။ နှစ်ရှည်ပေါင်းပင်များသည်နှိမ်နင်းရ ပိုမိုခက်ခဲသည်။

တစ်နှစ်ခံ ပေါင်းမြက်များသည် နှိမ်နင်းမှု လွယ်ကူသော်လည်း နှစ်ရှည်ပေါင်းများသည် သန်မာ၊ မြန်ဆန်၊ ကြီးထွား၊ ပျံ့နှံ့ နိုင်သဖြင့် မျိုးပွားမှုအားကောင်းသည်။ အမြစ်သည်မြေကြီး နက်နက်ထိ ဆင်းနိုင်ကြသည်။

နှစ်ရှည် ပေါင်းပင်ကို ဆွဲနှုတ်လျှင် မြေပေါ်ပိုင်း ဖြတ်တောက်၍ ရှင့်းလင်း သွားသော်လည်း မြေကြီးထဲ တွင် အမြစ်များ ကျန်ရစ်နေခဲ့သည်။ လွယ်လွယ်နှင့် ရှင်းမရနိုင်ပါ။
ပေါင်းရှင်း ပေါင်းနှိမ်နင်းရာတွင် စိုက်ပျိုးပြီး တစ်လအတွင်း ပြုလုပ်သင့်သည်။ စိုက်ပျိုးသည့် သီးနှံ မပွင့်မှီ ပြုလုပ်သင့်သည်။ အကြောင်းအမျိုးမျိုးကြောင့် သီးနှံ အစောပိုင်းတွင် ပေါင်းမရှင်းနိုင်လျှင် သီးနှံ အထွက် သိသိသာသာ ကျသွးနိုင်သည်။

ထို့ကြောင့် စိုက်ပြီး တစ်လအတွင်း မဖြစ်မနေပေါင်းရှင်း ပေးပါဟု ပြောကြားလိုပါသည်။ မြေပဲပင်သည် အောက်ကိုင်းမှ အပွင့်ကို အသီးတောင့်အဖြစ် အားထားရသဖြင့် အစောပိုင်း ပန်းမပွင့်မီ ကာလကတည်းက ပေါင်းရှင်းပေးမှ အထွက်ကောင်းမည်ဖြစ်သည်။

ယခုလက်ရှိတွင် ကျေးရွာများတွင် လုပ်သားရှားပါသည်။ ကောက်စိုက်၊ ကောက်ရိတ်၊ သီးနှံခူးဆွတ် နုတ်ဖော်ချိန်များ နောက်ကျ ကုန်သည်။ အလားတူ ပေါင်းရှင်းလုပ်သားများ ခက်ခဲလာ၍ မနှိမ်နင်းနိုင်ဖြစ်လာရသည်။ သို့ကြောင့် ရိတ်သိမ်းသည့်အခါ သီးနှံနှင့်အတူ ပေါင်းစေ့များပါလာခြင်း ၊ သီးနှံအထွက်လျော့ခြင်းများဖြစ်ပေါ်လာရသည်။ အဆိုးဆုံးမှာ သင့်တန်သော ဈေးနှုန်းများ မရရှိခြင်းများ ဖြစ်လာရသည်။ ပေါင်းစေ့များ ပွားများလာနိုင်သောကြောင့် ပေါင်းသတ်ဆေးများကို မဖြစ်မနေ အသုံးပြုပေးသင့်သည်။

ပေါင်းသတ်ဆေးများသည် ပိုးသတ်ဆေး၊ အပင်ရောဂါ သတ်ဆေးကဲ့သို့ မဟုတ် ပါ။ ရွေချယ်စရာမလိုသော ပေါင်းသတ်ဆေးနှင့် ရွေးချယ်မည့် ပေါင်းသတ်ဆေး စသည် ခွဲခြားသိသင့်သည်။ တချို့သော ပေါင်းသတ်ဆေးသည် သီးနှံမစိုက်မီ ဖျန်းရသည်။ ပေါင်းသတ်ဆေးသည် တစ်မျိုးတည်းသုံးသည်ထက် ဆေးနှစ်မျိုးသုံးမျိုး လှည့်ပတ်သုံးစွဲခြင်းက ပို၍ထိရောက်သည်။

ပေါင်းရှင်းမှုခက်ခဲ လာပြီး လုပ်သားမရသောအခြေအနေကို ပေါင်းသတ်ဆေး အသုံးပြုပြီး ဖြေရှင်းနိုင်သည်။ သို့သော် ပေါင်းသတ်ဆေးအကြောင်းနှင့် အမျိုးအစား၊ အသုံးပြုနည်းများကို သိရှိရမည်ဖြစ်သည်။ နီးစပ်ရာ စိုက်ပျိုးရေး ဝန်ထမ်းများကို ဆက်သွယ်မေးမြန်းတိုင်ပင်ပြီး အသုံးပြု သင့်ပါသည်။

ကိုရဲ (စိုက်ပျိုးရေး)