ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-06-06
Share to
စပါးသီးနှံ တွင်အရေးပါသော အာဟာရဓာတ်များ

စပါးစိုက်တောင်သူများ၏ အဖိုတန် စပါးပင်များအတွက် အများဆုံးလိုအပ်သော အာဟာရဓာတ်များအကြောင်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

အဓိကလိုအပ်သော အာဟာရ ၃ မျိုးမှာ-

နိုက်ထရိုဂျင်

စပါးသီးနှံအတွက် အရေးကြီးဆုံးသော အာဟာရဓာတ် ဖြစ်သည်။

စပါးအရွက်ကိုစိမ်းစေခြင်းဖြင့် အပင်ပိုင်းကြီးထွားမှုကို အားပေးသည်။

စပါးပင် ကြီးထွားမှု၏ အစောပိုင်းအဆင့်တွင် နိုက်ထရိုဂျင်ကို အမိုးနီးယား ပုံစံဖြင့် ဖမ်းယူသည်။

စပါးပင် အစောပိုင်းကြီးထွားမှု အဆင့်(အပင်ပေါက်ချိန်မှ ပင်ပွားထွက်ချိန် အထိ)နှင့် အနှံစတင်သည့်အဆင့်တို့တွင်နိုက်ထရိုဂျင်အလိုအပ်ဆုံးဖြစ်သည်။

အစောပိုင်းအပင်ကြီးထွားမှုအဆင့်တွင် နိုက်ထရိုဂျင် ကျွေးခြင်းဖြင့် ပင်ပွားများစေ၍ အထွက်နှုန်းကောင်းစေသည်။

အနှံစတင်ချိန် အဆင့်တွင် ကျွေးခြင်းဖြင့် တစ်နှံပါအစေ့ များခြင်းနှင့် အ‌စေ့အလေးချိန် စီး‌စေပါသည်။

ဖော့စ်ဖောရပ်

အပင်ပိုင်းကြီးထွားမှု အဆင့်တွင် အထူးသဖြင့် အရေးပါသည်။

အပင်အတွင်း ‌ရွေ့လျားနိုင်၍ အမြစ်ဖွံ့ဖြိုးမှု၊ ပင်ပွားထွက်မှုနှင့် ပန်းပွင့်ချိန် စောစေမှုတို့ကိုအားပေးသည်။

အမြစ်ဖွံ့ဖြိုးမှုအားကောင်းစေရန်၊ ပင်ပွားများစေရန် နှင့် မြေထဲတွင် ဖော့စ်ဖောရပ် ချို့တဲ့မှုမရှိစေရန် ဖော့စ်ဖောရပ်ကို မြေပြင်ချိန် သို့မဟုတ် အစောပိုင်းအပင်ကြီးထွားချိန်တို့တွင် ထည့်ပေးသင့်သည်။

ဖော့စ်ဖောရပ် သည် စပါးပင်ကို ရောဂါဒဏ်ခံနိုင်ရည်ရှိစေသည်။ ပင်စည် ကိုသန်မာစေသောကြောင့် အပင် ယိမ်းယိုင်မှုကိုနည်းစေသည်။

အပင်အတွင်း နိုက်ထရိုဂျင် ပိုကဲမှု၏အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုများကို ထိန်းညှိပေးသည်။

ပိုတက်ဆီယမ်
‌ရောဂါဒဏ် ၊ ပိုးမွှား ကျရောက်ဒဏ် နှင့် ဆိုးရွားသောရာသီဥတုဒဏ် ခံနိုင်ရည်ရှိ‌စေမှု တို့ကို တိုးပွားစေပါသည်။

အခြားအာဟာရဓာတ်များအပင်မှ ရယူရာတွင် ကူညီပေးသည်။ပင်ပွားထွက်စေမှုကို အားပေးသည်။စပါးစေ့၏ အလေးချိန် တိုးစေ၍ အရွယ်အစားကြီးစေပါသည်။

သဲဆန်သောမြေ တွင် ပိုတက်ဆီယမ် ကိုများစွာလိုအပ်ပါသည်။

ပိုတက်စီယမ် ဓာတ်သည် အပင်အတွင်း ‌ရွေ့ လျားနိုင်သည့်အပြင် မြေ ထဲတွင်လည်း အတော်အသင့် ‌‌ရွေ့လျားနိုင်သည်။

ပိုတက်ဆီယမ်ကို မြေပြင်ချိန် နှင့် စပါး အနှံ စ တင်ချိန် တို့တွင် ထည့်သင့်ပါသည်။

ဒုတိယအများဆုံးလိုအပ်သောအာဟာရဓာတ်များ

ကယ်လ်ဆီယမ်

ကောင်းမွန်သောအမြစ် စနစ် ဖွံ့ဖြိုးစေရန် ကယ်ဆီယမ်ကို လိုအပ်သည်။

အော်ဂဲနစ် နိုက်ထရိုဂျင် ပုံစံမှ နိုက်ထရိတ် ဖြစ်ပေါ်စေခြင်းနှင့် ပတ်သတ်သော soil bacteria ၏ လုပ်ဆောင်ချက် ကိုတိုးပွားစေပါသည်။

မဂ္ဂနီဆီယမ်

အပင်အစာချက်လုပ်ခြင်းတွင်ပါဝင်သော ကလိုရိုဖီးလ် ဖွဲ့စည်းမှုတွင် အဓိက ပါဝင်သည်။ ပမာဏ နည်းနည်းသာ အပင် ကလိုအပ်သည်။

မြေတွင် မဂ္ဂနီဆီယမ် ၏ ချို့တဲ့မှု တွေ့ရပြီးနောက်ပိုင်းတွင် ပိုတက်ဆီယမ်၏ ချို့တဲ့မှု ကိုပါတွေ့ရပါမည်။

ဆာလ်ဖာ

ကလိုရိုဖီးလ် ထုတ်လုပ်ခြင်း၊အပင်၏ လုပ်ငန်းနှင့် ဖွဲ့စည်းပုံတို့တွင် ပါဝင်သည်။ကောက်ရိုးနှင့် အပင်၏ရိုးတံ ၏အရေးပါသော အစိတ်အပိုင်းဖြစ်သည်။

အနည်းလိုအာဟာရဓာတ်များ

အိုင်းရွန်း

ကလိုရိုဖီးလ် စုဖွဲ့မှု အတွက် လိုအပ်သည်။

ဇင့်
ကာဗွန်ဟိုက်ဒရိုက်များ ပြောင်းလဲခြင်းအတွက်မရှိမဖြစ်လိုအပ်ပါသည်။

ဘိုရွန်
ဝတ်မှုန်ကူးခြင်းဖြစ်စဉ်တွင်ပါဝင်သည်။

ကော့ပါး
စပါးပင်၏မျိုးပွားပိုင်းကြီးထွားမှု အဆင့်တွင်ပါဝင်သည်။

မဂ္ဂနိစ်
အစာချက်လုပ်ခြင်းဖြစ်စဉ်တွင်ပါဝင်သည်။

ဆီလီကွန်
အပင်ကျန်းမာသန်စွမ်းမှု နှင့် ရောဂါ ဒဏ်ခံနိုင်မှုတို့ ကောင်းမွန်စေရန်အတွက်အရေးပါသည်။ စပါးပင်ကြီးထွားမှုအတွက်အကျိုးပြုသည်။ အပင်ယိုင်လှဲမှုဒဏ်ကိုခံနိုင်ရည်ရှိစေသည်။

စပါးအတွက်လိုအပ်သောအာဟာရဓာတ်များအကြောင်းသိရှိနားလည်ပြီး စပါးစိုက်တောင်သူကြီးများ စပါးအထွက်တိုးပြီး ဈေးကောင်းရနိုင်ကြပါစေခင်ဗျာ။