ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-06-10
Share to
အုန်းသီးဝယ်လိုအားကျလို့ တစ်လုံးကို ၅၀၀ ကျပ်အထိစျေးကျဆင်း

ဇွန် ၁၀  ၊၂၀၂၄

ပြည်တွင်း အုန်းသီးလက်ကားစျေးကွက်မှာ အုန်းသီးဝယ်လိုအားကျသွားတဲ့အတွက် အုန်းသီးတစ်လုံးကို ၅၀၀ လောက်အထိ စျေးပြန်ကျသွားတယ်လို့ အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

အရင်က အုန်းသီးလက်ကားစျေးကွက်မှာ တစ်လုံးကို ၂၃၀၀ လောက်အထိမြင့်တက်ခဲ့ပြီး လက်ရှိမှာတစ်လုံးကို ၁၇၀၀ မှ၁၈၀၀ ကျပ်စျေးတန်းသာရှိတော့တယ် လို့ သိရပါတယ်။

" အုန်းသီးကဝယ်လိုအားကျသွားတယ်၊အရင်လောက် မတင်ပို့ရတော့ဘူး၊ နေရာတိုင်းလည်း သွားလို့မရတာပါတယ်ဆိုတော့ ဝယ်လိုအားကျသွားတယ်။ အကိုတို့လက်ကားစျေးမှာသာကျသွားတာ၊လက်လီပြန်ရောင်းသူကျတော့ စျေးသိပ်မကျဘူး၊သူတို့မှာကားခတွေ၊အလုပ်သမားခတွေက တက်တော့ စျေးတန်းကသိပ်မကျတာမျိုးတွေ့ရတယ်၊ အကိုတို့လက်ကားသမားကျတော့ ရောင်းလိုအားကျသွားပေမယ့်လည်း အုန်းစိုက်တောင်သူဆီကတော့ ဖောက်သည်မပျက်ဝယ်ပေးရတာမျိုးရှိတယ်" လို့ ရန်ကုန်အခြေစိုက် အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။

ယခင် က နယ်အစုံကို တစ်လမှာ အုန်းသီးအလုံးပေါင်း သိန်းဂဏန်းအထိတင်ပို့ရောင်းချရပေမယ့် လက်ရှိမှာတော့ သောင်းဂဏန်းလောက်သာ ရောင်းချရတဲ့အတွက် လက်ကားစျေးကျဆင်းသွားတာဖြစ်တယ်လို့ဆိုပါတယ်။

အုန်းသီးစျေးကျဆင်းသွားပေမယ့် ခုကာလဟာ အုန်းသီးထွက်ရှိမှုနှုန်း နည်းပြီး ပစ္စည်းရှားတဲ့ကာလဖြစ်တာကြောင့် ဝယ်လိုအားပြန်ကောင်းလာပါက စျေးပြန်လည်မြင့်တက်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

" ခုကာလက အခါကြီးရက်ကြီးလည်းမဟုတ်တော့ အုန်းသီးကသိပ်မရောင်းရဘူး၊ ခုရက်စျေးတော့နည်းနည်းပြန်ကျတယ်၊အများကြီးတော့မဟုတ်ဘူး၊ကိုယ့်ဖောက်သည်လောက်ပဲရောင်းရတယ်၊ စျေးသာကျတာ၊ပစ္စည်းကလည်း အဝင်နည်းတယ် " လို့ပြည်မြို့နယ်ရှိအုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူဒေါ်ဖြူဖြူသင်းကပြောပါတယ်။

ပြည်တွင်းထွက်အုန်းသီးကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို တင်ပို့နိုင်ခြင်းမရှိတော့တာကြောင့် ပြည်တွင်းစျေးကွက်ကိုပဲမှီခိုနေရတဲ့အတွက်ကြောင့်လည်း စျေးတန်းက မတည်မငြိမ်ဖြစ်နေတာဖြစ်တယ်လို့သိရပါတယ်။

အုန်းသီးစျေးကွက်က ပြည်တွင်းကိုပဲ မှီခိုနေရချိန်မှာ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်မြေမတည်ငြိမ်မှုတွေများလာတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲလာတာကြောင့် ပြည်တွင်းကနေရာအများစုကို  အုန်းသီးတွေတင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲဖြစ်နေရတာဖြစ် ပါတယ်။

လက်ရှိမှာ အုန်းသီးအရင့်စွဲကို  ပြည်တွင်း မုန့်လုပ်ငန်းတွေက  အဓိကအသုံးပြုပြီး အုန်းသီးအနုကို ဆွဲအုန်းအဖြစ်  အခမ်းအနားတွေ၊ ပွဲတင်တဲ့အခါမျိုးမှာ အသုံးပြုကာ အနာပါတဲ့ အုန်းသီးအနုကိုတော့ အရည်သောက်အုန်းသီးအဖြစ် ရောင်းချမှုသာရှိနေတယ်လို့သိရပါတယ်။

ဒါကြောင့် အုန်းသီးကို ကုန်ကြမ်းအဖြစ် အလုံးလိုက် ပြည်ပတင်ပို့ခြင်းအပြင်  တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ကုန်ချောထုတ်လုပ်နိုင်ဖို့လိုအပ် နေကြောင်း၊ ကုန်ကြမ်းရောကုန်ချောပါနှစ်မျိုးလုံးတင်ပို့နိုင်ဖို့လိုအပ်နေပါတယ်။


ချစ်ခွန်းချို(AMIA)