ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-08-16
Share to
ငရုတ်အထွက်ကိုထိခိုက်နိုင်သည့် ပင်ခြေပုပ်မှိုရောဂါနှင့် လှေးပိုး

ငရုတ်စိုက်တောင်သူကြီးများ၏ ငရုတ်ခင်းများတွင် ပင်ခြေပုပ်မှိုရောဂါနှင့် လှေးပိုးသည် မကြာခဏတွေ့ရှိရခြင်းကြောင့် တောင်သူကြီးများအနေဖြင့် အထူးဂရုစိုက်နိုင်ကြစေရန် ရေသားဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ငရုတ်ပင်ခြေပုပ်မှိုရောဂါ

• ငရုတ်ပင်ခြေပုပ်မှိုရောဂါသည် မြေဆောင်ရောဂါတစ်မျိုးဖြစ်ပြီး မြေကြီးအစိုဓာတ်များပြီး အပူချိန်မြင့်မားသည့်အချိန်များတွင် ဆိုးဝါးစွာဖြစ်တတ်သော မှိုရောဂါတစ်မျိုးဖြစ်သည်။ ငရုတ်ပင်တစ်ပင်လုံးရှိအရွက်များ ရုတ်တရက်ညိုးလာပြီး ရောဂါလက္ခဏာမပြပဲ သေဆုံးသွားသည်ကို တွေ့ရမည်ဖြစ်သည်။
• အမြစ်များတွင်ရောဂါလက္ခဏာမပြပဲ အမြစ်နှင့်ပင်စည်ကြားတွင် ပုပ်နေသည်ကိုတွေ့ရှိရမည်။ အမြစ်ကိုနှုတ်ကြည့်ပါက အဖြူရောင်မှိုမျှင်များနှင့်သေးငယ်သောမှိုသီးလုံးများကို တွေ့ရမည်ဖြစ်သည်။ ယခုလက္ခဏာများတွေ့ရပြီဆိုလျှင် ငရုတ်ပင်ခြေပုပ်ရောဂါဖြစ်နေသည်ဟုယူဆလို့ရပါသည်။

ငရုတ်အထွက်နှုန်းထိခိုက်နိုင်သည့်လှေးပိုး

• ငရုတ်ပင်သက်တမ်းတစ်လျှောက်လုံး ဆိုးဆိုးဝါးဝါးဖျက်စီးသည့်ပိုးတစ်မျိုးမှာ လှေးပိုးဖြစ်သည်။ လှေးပိုးသည် ပုရွက်ဆိတ်ထက်သေးငယ်ပြီး ရှည်လျားသော ခန္ဓာကိုယ်ရှိကာ ခုန်ပျံသွားလာတတ်သည့် သတ္တဝါမျိုးဖြစ်ပါသည်။

• အကောင်ကြီးအဆင့်တွင် အဝါရောင်နှင့်ချွန်ထက်သည့် တောင်ပံများပါရှိပါသည်။ အရွက်သစ်များနှင့် အညွှန့်သစ်များ၏ တစ်သျှူးနှင့်သစ်ရည်ကို စုပ်ယူစားသုံးတတ်သောကြောင့် ငရုတ်ရွက်များ အပေါ်သို့ကုပ်လာသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အရွက်၏ ရိုးတံများရှည်ထွက်လာပြီး အပင်ကြီးထွားမှုရပ်တန့်သွားသည်။ အသီးအပွင့်များကြွေကျပြီး အသီးများကွေးလာပါမည်။ လှေးပိုးကျရောက်မှုလက္ခဏာများသိရှိပြီး ငရုတ်စိုက်တောင်သူများ အထွက်နှုန်းကောင်းရရှိကြပြီး ဈေးကောင်းရရှိကြပါစေခင်ဗျာ။
===•••===