ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-08-16
Share to
ရေနစ်မြုပ်ခံရသော စပါးခင်းများ ဘယ်လိုပြုပြင်ရမလဲ ?

ရေနစ်မြုပ်ခံရသော စပါးခင်းများ ဘယ်လိုပြုပြင်ရမလဲ ?
• ရေနစ်မြုပ်စပါးခင်းများမှာ စပါးပင်အတွင်း နေရောင်ခြည်နှင့်အစာချက်လုပ်မှုဖြစ်စဉ် ရပ်တန့်သွား၍ အပင်တွင်းအောက်ဆီဂျင်ပြတ်တောက်၍ ဆုံးရှုံးမှုများဖြစ်ပွားရခြင်းဖြစ်သည်။

• စပါးခင်းများ ရေကြာကြာနစ်မြုပ်ခံရလျှင် ဆုံးရှုံးမှုပိုမိုများနိုင်ပါသည်။ ဆုံးရှုံးမှုများခြင်း မများခြင်းဟာလဲ စပါးပင်သက်တမ်းနှင့် များစွာသက်ဆိုင်မှုရှိပါသည်။ ကြဲခင်းများနှင့် ရွှေ့စိုက်စပါးခင်းများတွင် အပင်သက်တမ်းအရမ်းငယ်နေချိန် နှင့် မှို့ကပ်ချိန် အထက်ကာလများတွင် ရေလွှမ်းမှု ဖြစ်ပေါ်ပါက ဆုံးရှုံးမှုပိုများနိုင်ပါသည်။

• မိမိစပါးခင်းရေလွှမ်းမှုခံရပါက ရေပြန်ကျမည့်အချိန်ကိုစောင့်၍ ပြန်လည်စိုက်ပျိုးသင့် မသင့်ကိုစဉ်းစားရမည် ဖြစ်ပါသည်။ ရေပြန်ကျသွားသည့်အခါ စပါးခင်းအတွင်းပျက်စီးဆုံးရှုံးမှုကို အရင်ဆုံး ဆန်းစစ်ရပါမည်။

• ပင်ပွားထွက်ချိန်တွင် ရေလွှမ်းမိုးမှု ဒဏ်ခံရပါက ပျက်စီးရှုံးမှုနည်းလျှင် ကျန်ရှိနေသောအပင်ရှိပင်ပွားများအား ခွဲယူ၍ ပျက်စီးသွားသောနေရာများတွင် အစားထိုးစိုက်ပေးရပါမည်။ အစားထိုးစိုက်သောပင်ပွားများ အမြစ်စွဲချိန်တွင် ကျောက်မှုန့်(ဂျစ်ပဆမ်) နှင့် မြေသြဇာ တစ်မျိုးမျိုး ထည့်သွင်းပေးရပါမည် ။

• ရေမြုပ်ပြီးအခင်းများ မြေသြဇာကျွေးရာတွင်လည်း ပုလဲသီးသန့်ကျွေးခြင်းကိုရှောင်ကျဉ်ရပါမည်။

• ပုလဲနှင့် အခြားအာဟာရဓာတ်များ သင့်တင့်မျှတစွာ ရောစပ်ထားသောမြေသြဇာကိုသာသုံးသင့်သည်။ အဘယ်ကြောင့်ဆိုသော် ရေမြုတ်ပြီးရေပြန်ကျသွားချိန်တွင် ပင်စည်နှင့်အရွက်များ တွင်ဒဏ်ရာများဖြစ်ပေါ်ပြီး ထိုပေါက်ပြဲဒဏ်ရာများမှတစ်ဆင့် ရောဂါများ ဝင်နေနိုင်သောကြောင့်ဖြစ်သည်။ နိုက်ထရိုဂျင် ဓာတ်လွန်ကဲစွာကျွေးမိလျှင် ရောဂါကျရောက်မှုကိုပိုမို အားပေးနိုင်သောကြောင့်ဖြစ်သည်။

• ရေလွှမ်းမိုးမှုကြာရှည်သွား၍ အခင်းပျက်စီးသွားပါက ရေကျသွားသောအချိန်တွင် ကန်သင်းလုံအောင်ပြုပြင်ပြီး လက်ကျန်အပင်အကြွင်းအကျန်များ မရှိအောင်ထယ်ထိုးမြေမြုတ်ပြီး ဖယ်ရှားရမည်။ လက်ကျန်အပင်အကြွင်းအကျန်များ အားမဖယ်ရှားလျှင် မြေဆောင်ရောဂါများ နှင့် နီမတုတ်ပိုးကျခြင်း များနှစ်တိုင်းဖြစ်ပွားနိုင်သည် ။ သံဆိပ်သင့်ခြင်းလဲ ဆိုးရွားစွာဖြစ်ပေါ်တတ်သည်။

• သံဆိပ်သင့်မှု လက္ဒဏာကို စပါးစိုက်ပြီး ၁ ပတ် ၂ ပတ် အတွင်းတွေ့မြင်နိုင်သည်။ တခါတရံ နှစ်လကျော်မှသာတွေ့ရသည်။ သံဆိပ်သင့်မှုကိုကုစားရန်မှာ ဖော့စဖိတ်ဓာတ်နှင့် ပိုတက်စီယံ ဓာတ်အများဆုံးပါသောမြေသြဇာ များထည့်ပေးရပါမည်။ ထို့ကြောင့် မြေပြန်ပြင်ရာတွင်လည်း အမြစ်စွဲမြန်စေရန်နှင့်သံဆိပ်သင့်မှုလျော့ကျစေရန် ဖော့စဖိတ် နှင့် ပိုတက် ဓာတ်အများဆုံးပါသော ကွန်ပေါင်းမြေသြဇာကို မြေခံအဖြစ် ပြန်လည်ထည့်သွင်း၍ စိုက်ပျိုးသင့်ပါသည်။

• ရေလွှမ်းမိုးမှုဒဏ် ခံရပြီး ရေကျသွားသော ဒေသများမှ တောင်သူလယ်သမားများအနေဖြင့် ဤနည်းလမ်းများအတိုင်း ပြန်လည်ပြုပြင်စိုက်ပျိုးရင်း အထွက်နှုန်းကောင်းများရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ရပါတယ်ခင်ဗျာ။