ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-06-20
Share to
မြေပဲပင်နှင့် မှိုရောဂါ
မြေပဲပင်နှင့် မှိုရောဂါ
 
ယခုလို မြေပဲစိုက်ရာသီတွင် တောင်သူကြီးများအနေဖြင့် မြေပဲရွက်ပြောက်ရောဂါ၊ ပင်ရင်းပုပ်ရောဂါ၊ ပင်စည်ပုပ်၊ အမြစ်ပုပ်ရောဂါနှင့် သံချေးရောဂါတို့ကို အထူးသတိထားရမည်ဖြစ်သည်။ ရောဂါအများစုကို ကြိုတင်ကာကွယ်နိုင်ရန် စိုက်ခင်းကို နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ နှံ့စပ်အောင် စစ်ဆေးရမည်။ ရောဂါနှင့်ပိုးမွှားတို့ ခိုနားရာဖြစ်သည့် ပေါင်းမြက်နှင့်စိုက်ခင်းထဲရှိသီးနှံ၏ပင်ကြွင်း၊ ပင်ကျန်များကို ရှင်းလင်းရမည်။
 
မြေပဲမစိုက်ပျိုးမီထယ်ထိုး၊ မြေပြုပြင်မှုကို သေချာပြုလုပ်၍ မှိုသတ်ဆေးကြိုတင် အသုံးပြုသင့်သည်။ ထိုအချိန်တွင် မှိုသတ်ဆေးအသုံးပြုခြင်းဖြင့် ဓာတ်ကြွင်းကျန်မှု ကင်းနိုင်သည်။ မြေထဲ၌ စိုက်ပျိုးမည့်မျိုးစေ့ (မျိုးမြေပဲ) ကိုလည်း မှိုသတ်ဆေး လူးနယ်၍ စိုက်ပျိုးသင့်သည်။ မြေထဲ၌ မျိုးစေ့ကို အတိမ်၊ အနက် မှန်ကန်အောင် စိုက်သင့်သည်။ ပေါင်းသင်၊ မြေဆွလုပ်ငန်းများ ပြုလုပ်ရာတွင် အပင်မထိခိုက်စေရန် ဂရုပြုရမည်။ ပင်စည်၊ အကိုင်း၊ အရွက် ထိခိုက်မိ၍ စုတ်ပြဲဒဏ်ရာရလျှင် မှိုဝင်ရောက်ပြီး ရောဂါရနိုင်သည်။ အထူးသဖြင့် ပင်စည်ရင်းတွင် ထိခိုက်မိပြီး ဖြစ်ရသည့် မှိုရောဂါက ပို၍အဖြစ်များသည်။
 
မြေပဲပင်စိုက်ပျိုးပြီး ရက်သတ္တပတ် ၃ပတ်မှ ၅ပတ်အတွင်း ရွက်ပြောက်ရောဂါ ဂရုပြုရသည်။ ရွက်ပြောက်ရောဂါ နှစ်မျိုးရှိရာ ရွက်ညိုပြောက်ရောဂါနှင့် ရွက်နက်ပြောက်ရောဂါတို့သည် ကျရောက်သည့်မှို အမျိုးအစားမတူကြပါ။ မြေပဲပင်၏ အောက်ခြေရှိ အရွက်များမှ စတင်ကျရောက်သည်။
 
ပင်ရင်းပုပ်ရောဂါသည် မျိုးစေ့မှပါတတ်ပြီး မြေကြီးနှင့်ကပ်နေသည့် မြေပဲပင်ငယ်စဉ် အရင်းတွင် ဝါညိုကွက်စတင်တွေ့ရသည်။ မြေပဲပင်ကြီးလာလျှင် အကိုင်းရင်းတွင်ပုပ်သည်။ ပင်စည်ပုပ်၊ အမြစ်ပုပ်ရောဂါသည် မြေကြီးထဲရှိ မှိုမဲအလုံးပုံသဏ္ဌာန်လေးများမှ မြေကြီးအောက်ရှိ ပင်စည်ကိုကျပြီး ရောဂါပြင်းထန်လျှင် မှိုအဖြူမျှင်များ တွေ့ရသည်။
 
မြေပဲစိုက်ပျိုးခင်း အများစုတွင် ရွက်ပြောက်ရောဂါနှင့် သံချေးရောဂါကို အရွက်၌ တွေ့ရသည်။ သံချေးရောဂါသည် အရွက်၏အောက်ဘက် မျက်နှာပြင်တွင် စတင်ဖြစ်ပြီး ရောဂါပြင်းလျှင် အရွက်၏ အပေါ်မျက်နှာပြင်သို့ ရောက်သွားသည်။ လေတိုက်လျှင်ရောဂါပျံ့နှံ့သည်။ မြေပဲစိုက်ပျိုးပြီးလျှင် အခြားသီးနှံတစ်မျိုး သီးလှည့်စိုက်ပျိုးမှု၊ မိုးအုံ့မှု၊ စိုစွတ်မှု၊ မိုးရွာမှုတို့သည် ရောဂါမှို အကြိုက်ဖြစ်ပါသဖြင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကိုလည်းဂရုပြုကြသင့်ပါသည်။ ကြိုတင်စစ်ဆေးလက်ဦးမှုဖြင့် ဘက်စုံကြိုတင်ကာကွယ်ကြပြီး မနိုင်နင်းမှ မှိုသတ်ဆေးအသုံးပြုသင့်ပါသည်။
 
ကိုရဲ (စိုက်ပျိုရေး)