ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-07-06
Share to
နှမ်းအတွက်အဓိက အရေးပါသော ရေလိုအပ်ချက်

နှမ်းသီးနှံကို အညာတောင်သူများက “လောင်းကစား သီးနှံ”ဟု တင်စားခေါ်ဝေါ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် နှမ်းသီးနှံသည် မိုးခေါင်ခြင်းကို ခံနိုင်ရည် မရှိပါ။ ရေဝပ်ဒဏ်ကိုလည်း ခံနိုင်ရည် မရှိပါ။ ရာသီဉတု ပြောင်းလဲမှု၊ မုတ်သုံလေ ဝင်ရောက်မှုနောက်ကျခြင်း၊ မုတ်သုံလေ ထွက်ခွာမှု စောခြင်း၊ မိုးခေါင်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ ရေဝပ်ခြင်းနှင့် အပူချိန် မြင့်မားလွန်းခြင်းတို့သည် နှမ်းအထွက်ကို လျော့နည်းစေပါသည်။

မိုးကောင်းသောက်စိုက်သော နှမ်းသီးနှံ၏ အခက်အခဲများ
မိုးကောင်းသောက်ဒေသများတွင် နှမ်းကို မိုးကျလျှင် ကျခြင်း စောစော စိုက်နိုင်ပါက အပင်ခြေမှ စ၍ သီးသဖြင့် အသီးများ ပါသည်။ အသီးများသောကြောင့် အထွက်ပိုနိုင်ပါသည်။ စိုက်ပျိုးမှုနောက်ကျလျှင် အပင်အရပ်မြင့်သော်လည်း အသီးကြဲပါသည်။ အပင် အရပ်အမြင့်၏ အလယ်မှစ၍ သီးသဖြင့် အသီးနည်းပါသည်။ စောစောစိုက်သော နှမ်းကို နောက်ကျစိုက်သော နှမ်းက အပင်ဖြစ်ထွန်းမှု ယှဉ်နိုင်သော်လည်း အသီးသီးမှုကို မယှဉ်နိုင်ပါ။ မိုးကောင်းသောက်ဒေသများတွင် နှမ်းစိုက် တောင်သူများ၏ အခက်အခဲမှာ ပန်းမပွင့်မီကာလနှင့် သီးတောင့်တင်ချိန်ကာလတို့တွင် လိုအပ်သော မိုးရေ မရရှိသောကြောင့် အထွက်နှုန်းကို များစွာ ဆုံးရှုံးရပါသည်။

ဆည်ရေသောက်စိုက်သော နှမ်းသီးနှံ၏ အခက်အခဲများ
ဆည်ရေသောက်ဒေသများတွင် နှမ်းသီးနှံကို နွေနှမ်း၊ မိုးကြိုနှမ်းဟူ၍ စိုက်ပျိုးကြပါသည်။ ဆည်ရေသောက်ဒေသစိုက်ပျိုးသော နှမ်းသည် မိုးကောင်းသောက် စိုက်ပျိုးသော နှမ်းထက်အထွက်နှုန်း ပိုမို ရရှိနိုင်ပါသည်။ သို့သော် ဆည်ရေသောက်နှမ်းခင်းများတွင် ကြုံရလေ့ရှိသော ပြဿနာမှာ “ရေသွင်းမိုးမိ” ပြဿနာ ဖြစ်ပါသည်။ နှမ်းပင်ကို ရေသွင်းပြီး နောက်နေ့ မိုးရွာပါက နှမ်းပင်များ ရေဝပ်၍ သေကုန်တတ်ကြသည်။ ထိုပြဿနာမှ ကင်းဝေးစေရန် ဆည်ရေသောက် နှမ်းစိုက်မြေများတွင် ကန်သင်းပတ်လည်၌ ရေကို လိုသလို သွင်း၊ ထုတ်ပြုလုပ်နိုင်သော ပတ်မြောင်းများ ပြုလုပ်ရပါမည်။ ငါးပေခန့်ခြား၍ စိမ့်မြောင်းများပြုလုပ် ရပါမည်။ နှမ်းခင်းကို ရေသွင်းလျှင် စိမ့်မြောင်းထဲတွင်သာ ရေလွှတ်ပေးပြီး စိမ့်မြောင်းမှ စိမ့်လာသော ရေဖြင့်သာ အစိုဓာတ်ပေးရပါမည်။ မြေ မညီ၍ ရေမတက်သော နေရာများတွင် စိမ့်မြောင်း တစ်ခုနှင့်တစ်ခု ဆက်သော ဖြတ်မြောင်းကလေးများ ပြုလုပ်ပေးရပါမည်။ မိုးရွာ၍ ရေများလျှင် ထိုစိမ့်မြောင်းပတ်မြောင်းများမှတစ်ဆင့် ရေပိုများကို ထုတ်ပစ်နိုင်ပါသည်။

နှမ်းရေသွင်းပေးခြင်း
နှမ်းပင်ကို ရေပေးသွင်းပေးရန် အရေးကြီးဆုံးသော ကာလများမှာ ပထမအကြိမ် ပန်းမပွင့်မီကာလ ( စိုက်ပြီး ၂၂ - ၂၅ ) ရက်သား၊ ဒုတိယအကြိမ် ( ၃၅ -၄၅ ) ရက်သားနှင့် တတိယအကြိမ် သီးတောင့်တင်ချိန် ( စိုက်ပြီး ၅၅ - ၆၅ ) ရက်သားတို့ ဖြစ်သည်။ ထိုကာလများတွင် ရေငတ်ပါက ရေသွင်းပေးရပါမည်။ အစေ့တည်ချိန်တွင် အစိုဓာတ်နည်းအောင် ထိန်းထားရမည်ဖြစ်ပြီး၊ သီးတောင့်ရင့်မှည့်မှုနှင့် သီးတောင့်အစေ့တည်မှုကို ထိခိုက်စေသဖြင့် (စိုက်ပြီး ၆၅ - ၇၀ ) ရက်သားတွင် ရေသွင်းရန် မလိုအပ်ပါ။

ကျေးဇူးရှင် တောင်သူဉီးကြီးများ နှမ်းသီးနှံတွင် အရည်အသွေးပြည့်မီသော နှမ်းများရရှိပြီး အထွက်နှုန်းကောင်း၍ ဈေးကွက်ကောင်းကောင်းရရှိပါစေ.......