ဆေးဖျန်းပေမဲ့ မှိုရောဂါ မနှိမ်နင်းနိုင်ရတဲ့ အကြောင်းရင်း (၅) ချက်

 စိုက်ခင်းထဲမှာ မှိုသတ်ဆေးတွေ အကြိမ်ကြိမ် ဖျန်းနေပေမယ့်လည်း ဘာကြောင့် မှိုရောဂါက ငြိမ်မသွားဘဲ ပိုဆိုးလာရတာလဲလို့ တောင်သူဦးကြီးတို့ တွေးမိပြီး ခေါင်းခဲဖူးကြပါလိမ့်မယ်။ ဆေးဖျန်းသော်လည်း မထိရောက်တဲ့အခါ ငွေကုန်လူပန်းဖြစ်ရုံသာမက သီးနှံအထွက်နှုန်းကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

ဒီနေ့မှာတော့ အပင်တွေမှာ မှိုသတ်ဆေးဖျန်းနေပေမယ့် ရောဂါကို မနှိမ်နင်းနိုင်ရတဲ့ အဓိကအကြောင်းအရင်း (၅) ချက် ကို တောင်သူဦးကြီးတို့အတွက် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်

 ၁။ ဆေးဖျန်းရာတွင် နှံ့စပ်မှုမရှိခြင်း

သီးနှံခင်းတွေမှာ ကျရောက်တတ်တဲ့ အချို့သော မှိုရောဂါတွေဟာ အရွက်တင်မကဘဲ အပင်ရဲ့ အောက်ခြေပင်စည်နဲ့ အမြစ်တွေမှာပါ ခိုအောင်းကျရောက်တတ်တာ ဖြစ်ပါတယ်။

  • ဆေးဖျန်းတဲ့အခါ အပင်အောက်ခြေအထိ နှံ့စပ်အောင် မဖျန်းဘဲ အပေါ်ယံလောက်သာ ဖျန်းမိတဲ့အခါ ရောဂါဖြစ်ပွားရာအစိတ်အပိုင်းကို ဆေးတိုက်ရိုက်မရောက်ရှိနိုင်တော့ပါ။

  • အပင်ဆဲလ်ထဲမှာ ဖြစ်ပေါ်နေတဲ့ မှိုစပိုးတွေကို အသုံးပြုလိုက်တဲ့ဆေးက အပင်တွင်း ပြန့်နှံ့မကုသပေးနိုင်တော့ဘဲ ရောဂါက ဆက်လက်ပြန့်ပွားနေတတ်ပါတယ်။

 ၂။ မှိုရောဂါကို ကွဲပြားစွာ ခွဲခြားမသိရှိခြင်း

များသောအားဖြင့် ရာသီဥတုအပြောင်းအလဲတွေမှာ အပင်ရောဂါတွေ ပိုမိုကျရောက်လေ့ရှိပါတယ်။ ဒီလိုအချိန်မှာ မိမိစိုက်ခင်းထဲက ရောဂါဟာ ဘာကြောင့်ဖြစ်တာလဲဆိုတာ တိတိကျကျ သိဖို့လိုပါတယ်။ အပင်ရောဂါတွေဟာ –

  • မှိုကြောင့် ဖြစ်ပွားသောရောဂါ

  • ဘက်တီးရီးယားကြောင့် ဖြစ်ပွားသောရောဂါ

  • အပင်အာဟာရချို့တဲ့ခြင်း နှင့် ပိုးမွှားကြောင့် ဖြစ်ပွားသောရောဂါ ဆိုပြီး ကွဲပြားစွာ ရှိတတ်ပါတယ်။

 သတိပြုရန်: မိမိစိုက်ခင်းမှာ ကျရောက်နေတာက မှိုရောဂါဖြစ်နေချိန်မှာ ဘက်တီးရီးယားသတ်ဆေး သွားဖျန်းနေမိရင် ရောဂါက ဘယ်လိုမှ ပျောက်ကင်းသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရောဂါလက္ခဏာကို သေချာခွဲခြားတတ်ဖို့ သို့မဟုတ် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။

၃။ ပင်လုံးပြန့်နှင့် ထိသေ မှိုသတ်ဆေးကို မှန်ကန်စွာ မရွေးချယ်တတ်ခြင်း

မှိုသတ်ဆေးတွေမှာ အလုပ်လုပ်ပုံချင်း မတူညီကြဘဲ ကာကွယ်ဆေး (ထိသေ) နှင့် ကုသဆေး (ပင်လုံးပြန့်) ဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။

  • ထိသေမှိုသတ်ဆေး (ဥပမာ- ဆာလဖာ၊ ကော့ပါး ပါဝင်သောဆေးများ): ၎င်းတို့ဟာ ကာကွယ်ဆေးတွေဖြစ်ပြီး အပင်ဆဲလ်ထဲကို မှိုမျှင်တွေ မဝင်ရောက်အောင် အရွက်မျက်နှာပြင်ပေါ်မှာ တားဆီးပေးပါတယ်။ သို့သော် အပင်ထဲထိ ထိုးဖောက်စိမ့်ဝင်နိုင်စွမ်း မရှိပါ။

  • ပင်လုံးပြန့်မှိုသတ်ဆေး: အပင်ထဲထိ ထိုးဖောက်စိမ့်ဝင်ပြီး ရောဂါပိုးကို လိုက်လံကုသပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

💡 အကြံပြုချက်: မှိုရောဂါအခြေအနေပေါ်မူတည်ပြီး ဘယ်လိုဆေးမျိုး ရွေးချယ်ရမလဲ ဝေခွဲမရဖြစ်နေရင်တော့ အာနိသင် နှစ်ခုစလုံး (ပင်လုံးပြန့် + ထိသေ) ပေါင်းစပ်ပါဝင်တဲ့ မှိုသတ်ဆေးများကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

၄။ အချိန်နှောင်းမှ ဆေးဖျန်းခြင်း (နောက်ကျမှ ကုသခြင်း)

မှိုရောဂါအများစုရဲ့ သဘာဝဟာ မှိုမျှင်လေးတွေကတစ်ဆင့် အပင်ရဲ့ လေရှုပေါက်ကနေ အစာကြောစည်း၊ ရေကြောစည်းထဲအထိ ဝင်ရောက်တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

စိုက်ခင်းထဲမှာ ရောဂါလက္ခဏာတွေ အလွန်ဆိုးရွားစွာ ပြနေပြီဆိုရင် ရောဂါပိုးဟာ သီးနှံပင်ရဲ့ အစာရေကြောစနစ်ထဲကို အကုန်ဝင်ရောက်ပြီးသား ဖြစ်နေတတ်ပါတယ်။ ဤကဲ့သို့ အခြေအနေမျိုးရောက်မှ ဆေးဖျန်းပါက အပင်ပြန်ကောင်းလာဖို့ အလွန်ခက်ခဲသွားပြီဖြစ်လို့ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုတဲ့အတိုင်း ရောဂါမကျရောက်ခင်ကတည်းက ကြိုတင်ကာကွယ်ထားရပါမယ်။

၅။ တူညီသော ဆေး AI (အစွမ်းရှိပစ္စည်း) တစ်မျိုးတည်းကိုသာ ထပ်ခါထပ်ခါ သုံးခြင်း

တောင်သူဦးကြီးတို့ အမှားပြုလုပ်မိဆုံး အချက်ကတော့ မိမိတို့ သုံးနေကျ ဆေးအမည် သို့မဟုတ် တူညီတဲ့ ဆေးအေအိုင် (Active Ingredient) တစ်မျိုးတည်းကိုသာ နှစ်ရှည်လများ ထပ်ခါထပ်ခါ အသုံးပြုနေခြင်းပဲ ဖြစ်ပါတယ်။

ဤကဲ့သို့ သုံးစွဲခြင်းကြောင့် မှိုရောဂါပိုးတွေက ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာပြီး “ဆေးယဉ်ပါးခြင်း” ဆိုတဲ့ ပြဿနာကြီးကို ရင်ဆိုင်ရတတ်ပါတယ်။ ဆေးယဉ်ပါးသွားပါက ဘယ်လောက်ပင် ဆေးကောင်းကောင်း ဖျန်းဖျန်း ထိရောက်မှု ရှိတော့မည်မဟုတ်ပါ။ ထို့ကြောင့် ဆေးဖျန်းရာတွင် ဆေးအုပ်စု မတူညီတာ၊ အလုပ်လုပ်ပုံ (Mode of Action) မတူညီတာတွေကို တစ်လှည့်စီ အလှည့်ကျ (Rotation) စနစ်ဖြင့် ပြောင်းလဲဖျန်းပေးရပါမည်။

 နိဂုံးချုပ်အနေနဲ့

 မှိုရောဂါကို ထိရောက်စွာ နှိမ်နင်းနိုင်ဖို့ဆိုရင် ဆေးကောင်းဖို့တင်မကဘဲ ရောဂါကို မှန်ကန်စွာ ခွဲခြားတတ်ခြင်း၊ ပင်လုံးပြန့်နှင့် ထိသေဆေးကို စနစ်တကျ ရွေးချယ်ခြင်း၊ အချိန်မှီဖျန်းခြင်းနဲ့ ဆေးအုပ်စု လှည့်လည်အသုံးပြုခြင်း စတဲ့ စိုက်ပျိုးရေးနည်းစနစ် မှန်ကန်မှု ရှိရန်လည်း လွန်စွာအရေးကြီးလှပါတယ်။

 ဦးကြီးတို့လည်း မိမိတို့စိုက်ခင်းမှာ အထက်ပါ အချက်အမှားလေးတွေကို ပြုလုပ်မိနေပါသလား?

နည်းမှန်လမ်းမှန်နဲ့ မှိုရောဂါကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ဖို့အတွက် ပိုမိုအသေးစိတ်သိရှိလိုပါက Myanma Awba Facebook Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

မြန်မာ့ဩဘာမှ တောင်သူဦးကြီးများအတွက်  မှိုရောဂါအမျိုးမျိုးကို နှိမ်နင်းနိုင်မယ့် သဒ္ဒါ မှိုသတ်ဆေးကို ထုတ်လုပ်ထားပါတယ်ခင်ဗျာ