မိုးများသောကာလတွင် ငရုတ်စိုက်တောင်သူများဖတ်ရန်
မိုးသည်းထန်စွာ ရွာသွန်းသောကာလတွင် ငရုတ်စိုက်တောင်သူကြီးများအနေဖြင့် စိုက်ခင်းအတွင်း ရေဝပ်ခြင်း၊ အာဟာရဓာတ်များ ဆုံးရှုံးခြင်းနှင့် ရောဂါပိုးမွှားများ အလွယ်တကူ ကျရောက်နိုင်ခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလေ့ရှိသည်
ငရုတ်ပင်သည် ရေဝပ်ခြင်းကို အလွန်ထိခိုက်လွယ်သည့် သီးနှံဖြစ်သောကြောင့် ဤကာလတွင် အထူးဂရုစိုက်ပြုစုရန် လိုအပ်ပါသည်။ ငရုတ်ခင်းကို မိုးဒဏ်မှ ကာကွယ်ပြီး အထွက်နှုန်းမလျော့ကျစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါ
၁။စိုက်ခင်းကို စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်း
ရေမဝပ်စေရန် ရေနုတ်မြောင်းများကို ရှင်းလင်းပေးပါ။ ရေမြောင်းများ ကောမသွားစေရန် ပုံမှန်စစ်ဆေးပါ
မိုးကြောင့် မြေများ ကျစ်လစ်နေပါက အမြစ်များ လေဝင်လေထွက် ကောင်းစေရန် အပင်ခြေအနီးတွင် မြေကိုဖြည်းဖြည်းချင်း ဖွပေးပါ။ (အမြစ်မထိခိုက်စေရန် သတိပြုပါ)
၂။ အပင်ရောဂါမှ ကာကွယ်ခြင်း
မိုးများပြီး စိုထိုင်းဆမြင့်မားခြင်းသည် ရွက်ပြောက်ရောဂါ၊ မှည့်ပြောက်စွန်း၊ အသီးပုပ်နှင့် ပင်ညိုးရောဂါများဖြစ်ရန် အခွင့်အလမ်းများသည်
မန်ကိုဇက် (Mancozeb)၊ ကော့ပါးအောက်ဆီကလိုရိုက် (Copper Oxychloride) ကဲ့သို့သော ဆေးများကို ကြိုတင်ဖျန်းပေးပါ။
ကော့ပါး (Copper) ပါဝင်သော ဆေးများသည် ဘက်တီးရီးယားရောဂါများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။
၃။ ပိုးမွှားအန္တရာယ်ကို စောင့်ကြည့်ပါ
မိုးရွာပြီးပါက အပင်ပေါ်တွင် ဖျန်းထားသော ဆေးများ အာနိသင်ပြယ်သွားတတ်သည်။
ထို့ကြောင့် လှေး၊ ပျ၊ မွှားပင့်ကူနီနှင့် သီးလုံးဖောက်ပိုးများ ကျရောက်ခြင်း ရှိ/မရှိ စိုက်ခင်းအတွင်း နေ့စဉ်စစ်ဆေးပါ။ ပိုးတွေ့ရှိပါက အချိန်မီ ထိန်းချုပ်ပါ။
၄။ အာဟာရဖြည့်တင်းခြင်း
မိုးရေတိုက်စားမှုကြောင့် မြေဆီလွှာမှ နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်ဓာတ်များ ဆုံးရှုံးသွားနိုင်သည်။
ယူရီးယား သို့မဟုတ် NPK အချိုးညီသော မြေဩဇာများကို အပင်လိုအပ်ချက်အလိုက် ဖြည့်စွက်ကျွေးပါ။
ပိုတက်ဆီယမ်နိုက်ထရိတ် မြင့်မားသော အားဆေးများ ဖျန်းပေးပါ။
အထူးသဖြင့် ကယ်လ်ဆီယမ် + ဘိုရွန် ဖျန်းပေးခြင်းက အသီးပုပ်ခြင်းကို ကာကွယ်ပေးပြီး အသီး၏ အရည်အသွေးကို မြှင့်တင်ပေးသည်။
၅။ မိုးပြတ်ပြီးနောက် ပြုလုပ်ရမည့်အချက်များ
မိုးများပြီးနောက် ပေါင်းမြက်များ အလွန်ပေါက်မြန်သည့်အတွက် ပေါင်းပင်ငယ်စဉ်ကပင် စောစီးစွာ ရှင်းလင်းပါ။
ရောဂါဒဏ်ခံရသော အပင်များ၊ ပုပ်နေသော အစိတ်အပိုင်းများကို ဖယ်ရှားခြင်းဖြင့် အခြားအပင်များသို့ ကူးစက်ခြင်းကို ကာကွယ်ပါ။
နိဂုံးချုပ်
မိုးများသောကာလတွင် ငရုတ်ပင်များ အောင်မြင်ဖြစ်ထွန်းစေရန် ရေမဝပ်စေရန်စီမံခြင်း၊ မှိုနှင့် ဘက်တီးရီးယားရောဂါ ကာကွယ်ခြင်း၊ အာဟာရများ အချိန်မီဖြည့်ဆည်းပေးခြင်းနှင့် ပိုးမွှားအန္တရာယ်ကို စောင့်ကြည့်ခြင်း ဟူသော နည်းလမ်း (၄) ခုကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။
မိမိတို့ စိုက်ခင်းအတွင်း မြေဩဇာကျွေးခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ်နည်းများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Myanma Awba Facebook Page Messenger တွင် စိုက်ပျိုးရေးပညာရှင်များနှင့် လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါသည်ခင်ဗျာ။
