စပါးအထွက်နှုန်း မထိခိုက်စေဖို့ “စပါးဆစ်ပိုး” နှင့် “စပါးရွက်လိပ်ပိုး” ကို စနစ်တကျ ကာကွယ်ကြပါစို့

စပါးစိုက်ပျိုးရာတွင် တောင်သူဦးကြီးများအတွက် အဓိက အန္တရာယ်ရှိသော ပိုးမွှားများထဲတွင် စပါးဆစ်ပိုး နှင့် စပါးရွက်လိပ်ပိုး တို့သည် အဓိကပါဝင်သည်။

ထိုပိုးများ ကျရောက်ပါက စပါးအထွက်နှုန်းကို သိသိသာသာ လျော့ကျစေနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးနှင့် နှိမ်နင်းရေး နည်းလမ်းများကို သိရှိထားရန် အရေးကြီးပါသည်။

၁။ စပါးဆစ်ပိုး (Rice Stem Borer)

စပါးဆစ်ပိုးသည် စပါးပင်၏ ပင်စည်အတွင်းပိုင်းကို ဝင်ရောက်စားသောက်သဖြင့် အပင်ကြီးထွားမှုကို တိုက်ရိုက်ထိခိုက်စေသည်။

ဖျက်ဆီးပုံလက္ခဏာများ

  • ပင်ပွားချိန်: အပင်ငယ်စဉ် ကျရောက်ပါက ပင်စည်ပုပ်သွားပြီး ကြွက်ကိုက်ထားသကဲ့သို့ ပြတ်ထွက်သွားတတ်သည်။
  • ဖုံးလုံး/အနှံထွက်ချိန်: ဤအချိန်တွင် ကျရောက်ပါက အနှံများ မအောင်ဘဲ အနှံဖြူများ ဖြစ်ပေါ်စေကာ အထွက်နှုန်းကို တိုက်ရိုက် ထိခိုက်စေသည်။
  • ပိုးဘဝစက်ဝန်း: ဥမှပေါက်လာသော လောက်ကောင်များသည် ပင်စည်ထဲသို့ ဝင်ရောက်စားသောက်ပြီး တစ်ပင်မှတစ်ပင် ကူးသန်းဖျက်ဆီးတတ်ကြသည်။

ကာကွယ်နှိမ်နင်းနည်း

စစ်ဆေးခြင်း_ပျိုးခင်းအဆင့်မှစ၍ ဥမြုံများကို ရှာဖွေဖျက်ဆီးပါ။

ကြိုတင်ကာကွယ်ခြင်း_ဥသတ်ဆေး အာနိသင်ပါသော ဆေးများကို အသုံးပြုပါ။

ဆေးဖျန်းနှိမ်နင်းခြင်း

  • ကာတက်အုပ်စုဝင်ဆေးများ။
  • ပရိုဖီနိုဖော့စ်အုပ်စုဝင်ဆေးများကို အသုံးပြုနိုင်ပါသည်။

၂။ စပါးရွက်လိပ်ပိုး (Rice Leaf Folder)

စပါးရွက်လိပ်ပိုးသည် အရွက်များကို လိပ်၍ အစိမ်းရောင်ရှိသော အရွက်မျှင်များကို ခြစ်စားသဖြင့် အပင်၏ အစာချက်လုပ်မှုကို နှောင့်နှေးစေသည်။

ဖျက်ဆီးပုံလက္ခဏာများ

  • စပါးရွက်၏ နှုတ်ခမ်းနှစ်ဖက်ကို ချည်မျှင်ဖြင့် ကပ်၍ ရွက်လိပ်အိမ် ပြုလုပ်နေထိုင်သည်။
  • ရွက်လိပ်အတွင်းမှနေ၍ အရွက်၏ အစိမ်းသားများကို ခြစ်စားသဖြင့် အဖြူရောင် အစင်းကြောင်းများ ဖြစ်ပေါ်စေသည်။
  • နိုက်ထရိုဂျင် (ပုလဲမြေသြဇာ) အလွန်အကျွံ သုံးစွဲသော အခင်းများတွင် ပိုမိုကျရောက်တတ်သည်။
  • အလံရွက်တွင် ကျရောက်ပါက စပါးအထွက်နှုန်း အဆိုးရွားဆုံး ထိခိုက်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

  • ပိုးဒဏ်ခံနိုင်သော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
  • ကောက်ကွက်ကို ကျဲကျဲစိုက်ပါ။
  • လယ်ကွက်ဘေး ပေါင်းမြက်များကို ရှင်းလင်းပါ။
  • ရိုးပြတ်များကို ဖျက်ဆီးပါ။
  • ပုလဲမြေသြဇာတစ်မျိုးတည်း မသုံးဘဲ(နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်) ကို အချိုးကျ သုံးစွဲပါ။
  • ဇွန်ဘီ နှင့် ဖိုင်းရား ကဲ့သို့သော ပိုးသတ်ဆေးများကို တစ်ပတ်ခြား တစ်ကြိမ်စီ လှည့်လည် အသုံးပြုပေးပါ။

အကြံပြုချက်: ပိုးမွှားများ ကျရောက်မှု ရှိ/မရှိကို မိမိတို့၏ လယ်ကွက်အတွင်း ပုံမှန်ဆင်း၍ စစ်ဆေးခြင်းသည် အကောင်းဆုံး ကာကွယ်မှုဖြစ်ပါသည်။

စပါးဖျက်ပိုးများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက Myanma Awba Facebook Page တွင် လေ့လာနိုင်ပါသည်ခင်ဗျာ