စပါးခင်းအတွင်း ဖြုတ် ပိုး (Brownhopper ) သတိထားဖို့အချိန်ရောက်ပြီ
ဖြုတ်ပိုးသည် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကဲ့သို့သော စိုစွတ်မှုများသောရာသီတွင်ကျရောက်မှုများပြီး မိုးရေချိန်ပမာဏများသောဒေသတွင် ပိုမိုကျရောက်သည်။
ဖြုတ်ပိုးများသည် မြန်မာနိုင်ငံအနှံ့ရှိစပါးခင်းများတွင် ကျရောက်လေ့ရှိပြီး အထူးသဖြင့် စပါးစိုက်ပျိုးမှုများသည့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတို့တွင် ကျရောက်ဖျက်ဆီးမှုများသည်။
ရာသီဥတုပူ၍ လေထုအတွင်း စိုထိုင်းဆများလျှင် ဆိုးရွားစွာကျရောက်နိုင်ပြီး မိုးအုံ့ခြင်း၊ မိုးစွေခြင်း၊ ပေါင်းမြက်ထူခြင်းတို့သည် ဖြုတ်ပိုးကြိုက်နှစ်သက်သော ပတ်ဝန်းကျင်အခြေအနေဖြစ်သည်။
စပါးခင်းတွင် ဖြုတ်ကျရောက်ဖျက်ဆီးခံရပါက အထွက်နှုန်း ၇၀ရာခိုင်နှုန်းနှင့်အထက်ထိခိုက်ဆုံးရှုံးနိုင်သည်။
စပါးဖြုတ်ပိုးများသည် များသောအားဖြင့် ရေနှင့်နီးသော ရွက်ဖုံးနှင့် ရွက်ပြားတို့၏ ပင်ရည်ကိုစုပ်ယူစားသောက်သည်။
ဖြုတ်ပိုးကျရောက်ပါက စပါးပင်အရွက်များတွင်
အရွက်အနားများကုပ်နေခြင်း၊ အရွက်များတွန့်ရှုံ့ခြောက်သွေ့လာခြင်း၊ အရွက်အဝါရောင်နှင့် အနီရောင်သန်းသော အဝါကွက်များဖြစ်ပေါ်လာခြင်းနှင့် မီးလောင်သကဲ့သို့ အရွက်များဝါခြောက်လာခြင်းများ အကွက်လိုက်တွေ့မြင်ရသည်။
ဖြုတ်ပိုးကျရောက်မှုများလာပါက သီးနှံပင်မှာ အပင်ကြီးထွားမှုအားနည်း သွားရုံသာမက အပင်သေသည်အထိဖြစ်နိုင်ပါသည်။ ဖြုတ်ပိုးဖျက်ဆီးခံရသော လက္ခဏာများကို ဖြုတ်လောင်ရောဂါ( hopperburn )ဟုလည်းခေါ်ကြသည်။
ကာကွယ်နှိမ်နင်းနည်း
စပါးခင်းအား ရေတစ်ပတ်ခန့်ထုတ်ပေးခြင်း၊
လေဝင်လေထွက်ကောင်းစေရန် လေကြောင်းခွဲခြင်း၊
ယူရီးယားအလွန်အကျွံသုံးစွဲမှုကိုလျော့ချခြင်း၊
သက်တမ်းတူစပါးမျိုးများကို တစ်ချိန်တည်းစိုက်ပျိုးခြင်း၊
တောင်သူများစုပေါင်းကာမီးထောင်ချောက်များထားခြင်း၊
စိုက်ခင်းပတ်လည်တွင် ပေါင်းရှင်းခြင်း၊
ဓာတုပိုးသတ်ဆေး ဖြုတ်ကင်း၊ ပိုင်ဒီ တို့ကိုအသုံးပြုခြင်း
စသည်တို့ကို ပြုလုပ်နိုင်သည်။
