ငရုတ်ရောဂါ
ငရုပ်မှာ ကျရောက်တတ်တဲ့ရောဂါတွေကတော့ ခါးရိရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ ဆာကိုစပိုးရားရောဂါနှင့် ဘက်တီးရီးယားပင်ညှိုးရောဂါများဖြစ်ပါတယ်။
ဦးစွာ ငရုတ်ပျိုးခင်းနှင့် စိုက်ခင်းအစေပိုင်းများတွင် ဖြစ်ပွားလေ့ရှိတဲ့ ခါးရိရောဂါအကြောင်း လေ့လာကြည့်ကြရအောင်။ ခါးရိရောဂါဟာဆိုရင် Pythium မှိုကြောင့် ဖြစ်သော ရောဂါဖြစ်ပြီး ပျိုးပင်များ ထူလွန်း၍ ရေဝပ်သောအချိန်တွင် ပိုမိုဆိုးဝါးစွာ ကျရောက်တတ်သည်။ ပင်ခြေတွင် ရေစိုနာကွက်ဖြစ်ပြီး ၎င်းနေရာမှ ပျော့လာကာ ခါးရိလဲကျ သေဆုံးသွားနိုင်သည်။ ရောဂါပြင်းထန်ပါက မျိုးစေ့မှ အညှောင့်ပေါက်ကာစတွင် ခါးရိသေဆုံးနိုင်သည်။ ခါးရိရောဂါသည် မြေကြီးထဲနှင့် ပင်ကြွင်းပင်ကျန်များတွင် ရှင်သန်နိုင်သည့်အတွက် ထိုအရာများမှတစ်ဆင့် ကူးဆက်ပျံ့နှံ့သလို မိုးရေစက်များကြောင့်လည်း ပျံ့နှံ့နိုင်ပါတယ်။ စိုက်ခင်းသုံး ကိရိယာများမှတစ်ဆင့်လည်း ကူးဆက်ပျံ့နှံ့နိုင်သည့်အတွက် သေချာစွာ သန့်စင်ပြီးမှ အသုံးပြုသင့်ပါတယ်။
နောက်တစ်ခုကတော့ colletotrichum spp. မှိုကြောင့် ဖြစ်တဲ့ ကိုင်းဖျားခြောက်ရောဂါနဲ့ မှဲ့ပြောက်စွန်းရောဂါအကြောင်း ပြောပြပေးမှာ ဖြစ်ပါတယ်။ အရွက်၊ အကိုင်းနှင့် အသီးပေါ်တွင် ကျရောက်လေ့ရှိပြီး ငရုတ်အပွင့်ပေါ်တွင်လည်း ကျရောက်နိုင်ပါတယ်။အရွက်ပေါ်တွင် သေးငယ်ပြီး စက်ဝိုင်းပုံစံမှ ပုံမမှန် အညိရင့်ရောင် အစက်ပြောက်များကို တွေ့နိုင်ပြီး အရွက်များပေါက်ပြဲကာ အရွက်ပုံသဏ္ဏန်များပျက်စီးလာသည်။ အသီးပေါ်တွင် အနာချိုင့်များဖြစ်ပေါ်ကာ အလယ်တွင် မီးခိုးရောင်(သို့)အဖြူရောင်မှိုစပိုးများကို နောက်ပိုင်းတွင် အစက်ပြောက်များသည် ဘဲဥပုံစံဖြစ်လာပြီး ဆိုးဝါးစွာကျရောက်ပါက အသီးများရှုံ့ပြီး ခြောက်သွေ့သွားပါတယ်။ ရောဂါကျအပင်မှ အသီးများကြွေကျနေသည်ကို တွေ့မြင်နိုင်သည်။ ငရုပ်ပင်၏ ခေါင်ညွန့်များတွင်လည်း ရောဂါကျရောက်နိုင်ပြီး ခေါင်ညွန့်များခြောက်ကာ ကိုင်းဖျားခြောက်ရောဂါကို ဖြစ်စေပါတယ်။ ရောဂါဖြစ်စေသက်ရှိသည် ရောဂါကူးစက်ခံရသော အစေ့များနှင့် သီးနှံအကြွင်းအကျန်များတွင် ရှင်သန်နိုင်သည့်အပြင် မိုးရေစက်၊ လေတို့ဖြင့်လည်း တစ်ပင်မှတစ်ပင်သို့ ကူးစက်ပျံ့နှံ့နိုင်သည်။
နောက်ဆိုးဝါးစွာကျတဲ့ ရောဂါကတော့ ဆာကိုစပိုးရားရွက်ပြောက်ရောဂါပဲဖြစ်ပါတယ်။ ဆာကိုစပိုးရားရောဂါကို ဖြစ်စေသော သက်ရှိကတော့ Cercospora capsici ဟုခေါ်သော မှိုပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာအနေဖြင့် အရွက်၏ မျက်နှာပြင်ပေါ်တွင် နီညိုရောင်အနားသတ်များ ဝန်းထားသည့် မီးခိုးဖျော့ရောင် စက်ဝိုင်းပြောက်များကို တွေ့ရပါတယ်။ နောက်ပိုင်းတွင် စက်ဝိုင်းသည် တစ်ဖြည်းဖြည်းကြီးလာပြီး အဖြူရောင်ဖြစ်လာကာ အနားသတ်များသည် အနက်ရောင်စက်ဝိုင်းရစ်များ ဖြစ်လာပါတယ်။ အရွက်များ အဝါရောင်သို့ ပြောင်းသွားကာ ညှိုးပြီး ကြွေကျလာပါတယ်။ ဆာကိုစပိုးရားရွက်ပြောက်ရောဂါသည် ပျိုးခင်းမှာရော ကွင်းထဲမှာပါ ကျရောက်နိုင်ပြီး အစေ့ထဲ၊ မြေကြီးထဲနှင့် ပင်ကြွင်းပင်ကျန်များထဲတွင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ပါတယ်။ မိုးရေစက်များ၊ လေများ၊ အရွက်တစ်ရွက်နှင့်တစ်ရွက် ပွတ်တိုက်မှုများ၊ စိုက်ခင်းသုံး ပစ္စည်းများမှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ စိုထိုင်းဆများသောအချိန်တွင် ရောဂါကျရောက်မှု ပိုများပါတယ်။
နောက်အဖြစ်အများဆုံး ရောဂါတစ်မျိုးကတော့ ဘက်တီးရီးယားပင်ညှိုးရောဂါပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားပင်ညှိုးရောဂါဟာဆိုရင် Ralstonia solanacearum (Pseudomonas solanacearum)ဟုခေါ်သော ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ပျိုးခင်းမှ ခူးဆွတ်ချိန်အထိ ကျရောက်နိုင်ပြီး ရေဝပ်၍ မြေအစိုဓာတ်များတဲ့နေရာမှာ ရောဂါ ပိုဆိုးရွားစွာ ကျလေ့ရှိပါတယ်။ ရောဂါလက္ခဏာအနေဖြင့် အရွက်များဝါခြင်းမရှိဘဲ အစိမ်းအတိုင်း အရွက်နုများ၊ အညွှန့်များ ညှိုးလာပြီး ရောဂါပြင်းထန်ပါက (၂-၃) ရက်အတွင်း တစ်ပင်လုံး ညှိုးသွားတာကို တွေ့နိုင်ပါတယ်။ ဘက်တီးရီးယားရောဂါ ကျရောက်မှုရှိမရှိကို ရောဂါရ ပင်စည်အား ဖြတ်၍ ရေတွင် စိမ်ကြည့်ပါက နို့နှစ်ရောင် ဘက်တီးရီးယား စိမ့်ထွက်ရည်များ စီးထွက်ကြလာသည်ကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ရောဂါဖြစ်စေသက်ရှိသည် သီးနှံအကြွင်းအကျန်များ၊ မျိုးစေ့၊ ရေနှင့် မြေကြီးထဲတွင် ရှင်သန်နေထိုင်နိုင်ပြီး တစ်ပင်မှတစ်ပင်သို့ ပျိုးပင်မှလည်းကောင်း၊ စိုက်ခင်းသုံးကိရိယာများမှလည်းကောင်း ၊မျိုးစေ့နှင့် အင်းဆက်များမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
