ရေနစ်မြုပ်ပြီးနောက် စပါးခင်း ပြန်လည်ပြုပြင်ခြင်းနည်းလမ်း (အဆင့်ဆင့်)
မိုးရာသီ၌ မြန်မာနိုင်ငံ၏ အချို့ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ မိုးရေချိန်များ၍ စပါးခင်းများ ရေလွှမ်းနစ်မြုပ်မှုများစွာ ဖြစ်ပေါ်တတ်သည်။
ရေနစ်မြုပ်စပါးခင်းများမှာ စပါးပင်အတွင်း နေရောင်ခြည်နှင့်အစာချက်လုပ်မှုဖြစ်စဉ် ရပ်တန့်သွား၍ အပင်တွင်းအောက်ဆီဂျင်ပြတ်တောက်၍ ဆုံးရှုံးမှုများဖြစ်ပွားရခြင်းဖြစ်သည်။
စပါးခင်းများ ရေကြာကြာနစ်မြုပ်ခံရလျှင် ဆုံးရှုံးမှုပိုမိုများနိုင်ပါသည်။
ဆုံးရှုံးမှုများခြင်း မများခြင်းဟာလဲ စပါးပင်သက်တမ်းနှင့် သက်ဆိုင်မှုရှိပါသည်။
ကြဲခင်းများနှင့် ရွှေ့စိုက်စပါးခင်းများတွင် အပင်သက်တမ်းအရမ်းငယ်နေချိန် နှင့် မှို့ကပ်ချိန် အထက်ကာလများတွင် ရေလွှမ်းမှု ဖြစ်ပေါ်ပါက ဆုံးရှုံးမှုပိုများနိုင်ပါသည်။
မိမိစပါးခင်းရေလွှမ်းမှုခံရပါက ရေပြန်ကျမည့်အချိန်ကိုစောင့်၍ ပြန်လည်စိုက်ပျိုးသင့် မသင့်ကိုစဉ်းစားရမည် ဖြစ်ပါသည်။
ရေပြန်ကျသွားသည့်အခါ စပါးခင်းအတွင်းပျက်စီးဆုံးရှုံးမှုကို အရင်ဆုံး ဆန်းစစ်ရပါမည်။
ပင်ပွားထွက်ချိန်တွင် ရေလွှမ်းမိုးမှု ဒဏ်ခံရပါက ပျက်စီးဆုံးရှုံးမှုနည်းလျှင် ကျန်ရှိနေသောအပင်ရှိ ပင်ပွားများအား ခွဲယူ၍ ပျက်စီးသွားသောနေရာများတွင် အစားထိုးစိုက်ပေးရပါမည်။
အစားထိုးစိုက်သောပင်ပွားများ အမြစ်စွဲချိန်တွင် ကျောက်မှုန့်(ဂျစ်ပဆမ်) နှင့် မြေသြဇာ တစ်မျိုးမျိုး ထည့်သွင်းပေးရပါမည် ။
ရေမြုတ်ပြီးအခင်းများ မြေသြဇာကျွေးရာတွင်လည်း ပုလဲသီးသန့်ကျွေးခြင်းကိုရှောင်ကျဉ်ရပါမည်။
ပုလဲနှင့် အခြားအာဟာရဓာတ်များ သင့်တင့်မျှတစွာ ရောစပ်ထားသောမြေသြဇာကိုသာ သုံးသင့်သည်။
အဘယ်ကြောင့်ဆိုသော် ရေမြုတ်ပြီး ရေပြန်ကျသွားချိန်တွင် ပင်စည်နှင့်အရွက်များတွင်ဒဏ်ရာများဖြစ်ပေါပြီး ထိုပေါက်ပြဲဒဏ်ရာများမှတစ်ဆင့် ရောဂါများ ဝင်နေနိုင်သောကြောင့်ဖြစ်သည်။
နိုက်ထရိုဂျင် ဓာတ်လွန်ကဲစွာကျွေးမိလျှင် ရောဂါကျရောက်မှုကိုပိုမို အားပေးနိုင်သောကြောင့်ဖြစ်သည်။
ရေလွှမ်းမိုးမှုကြာရှည်သွား၍ အခင်းပျက်စီးသွားပါက ရေကျသွားသောအချိန်တွင် ကန်သင်းလုံအောင်ပြုပြင်ပြီး လက်ကျန်အပင်အကြွင်းအကျန်များ မရှိအောင်ထယ်ထိုးမြေမြုတ်ပြီး ဖယ်ရှားရမည်။
လက်ကျန်အပင်အကြွင်းအကျန်များ အားမဖယ်ရှားလျှင် မြေဆောင်ရောဂါများ နှင့် နီမတုတ်ပိုးကျခြင်း များနှစ်တိုင်းဖြစ်ပွားနိုင်သည် ။ သံဆိပ်သင့်ခြင်းလဲ ဆိုးရွားစွာဖြစ်ပေါ်တတ်သည်။
သံဆိပ်သင့်မှု လက္ဒဏာကို စပါးစိုက်ပြီး ၁ ပတ် ၂ ပတ် အတွင်းတွေ့မြင်နိုင်သည်။ တခါတရံ နှစ်လကျော်မှသာတွေ့ရသည်။
သံဆိပ်သင့်မှုကိုကုစားရန်မှာ ဖော့စဖိတ်ဓာတ်နှင့် ပိုတက်စီယံ ဓာတ်အများဆုံးပါသောမြေသြဇာများ ထည့်ပေးရပါမည်။ ထို့ကြောင့် မြေပြန်ပြင်ရာတွင်လည်း အမြစ်စွဲမြန်စေရန်နှင့် သံဆိပ်သင့်မှုလျော့ကျစေရန် ဖော့စဖိတ် နှင့် ပိုတက်ဓာတ် အများဆုံးပါသော ကွန်ပေါင်းမြေသြဇာကို မြေခံအဖြစ် ပြန်လည်ထည့်သွင်း၍ စိုက်ပျိုးသင့်ပါသည်။
ရေလွှမ်းမိုးမှုဒဏ် ခံရပြီး ရေကျသွားသော ဒေသများမှ တောင်သူလယ်သမားများအနေဖြင့် ဤနည်းလမ်းများအတိုင်း ပြန်လည်ပြုပြင်စိုက်ပျိုးရင်း အထွက်နှုန်းကောင်းများရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။
မိမိစိုက်ခင်းနှင့် ပတ်သတ်ပြီး သိရှိလိုသည်များရှိပါက မြန်မာ့ဩဘာ facebook Page တွင် လာရောက်မေးမြန်းနိုင်ပါသည်။
