ငရုတ်သီးနှံတွင် ကျရောက်တတ်သော အဓိက ရောဂါ (၄) မျိုးနှင့် လက္ခဏာများ
ငရုတ်သီးနှံ စိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် အရည်အသွေးကို များစွာ ထိခိုက်စေသည့် အဓိက ရောဂါများစွာ ရှိပါသည်။ စိုက်ပျိုးသူ တောင်သူဦးကြီးများ အနေဖြင့် မိမိတို့ စိုက်ခင်းအတွင်း ကျရောက်တတ်သော ရောဂါလက္ခဏာများကို စောစီးစွာ သိရှိခွဲခြားနိုင်စေရန်အတွက် အဖြစ်များသော ငရုတ်ရောဂါ (၄) မျိုးအကြောင်းကို ဖော်ပြပေးလိုက်ပါသည်။
၁။ ခါးရိရောဂါ (Damping-off)
ပျိုးခင်းနှင့် အပင်ငယ်စဉ် ကာလများတွင် အဖြစ်အများဆုံး ရောဂါဖြစ်ပြီး Pythium မှိုကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
-
ဖြစ်ပွားရသည့် အကြောင်းရင်း: ပျိုးပင်များ စိပ်လွန်းခြင်းနှင့် ရေဝပ်ခြင်းတို့ကြောင့် ပိုမိုဆိုးရွားတတ်သည်။
-
ရောဂါလက္ခဏာများ: ပင်ခြေတွင် ရေစိုနာကွက်ဖြစ်ပေါ်ကာ ပျော့လာပြီး ခါးရိ၍ လဲကျသေဆုံးသွားသည်။ ရောဂါပြင်းထန်ပါက မျိုးစေ့ အညှောင့်ပေါက်ကာစတွင်ပင် သေဆုံးနိုင်သည်။
-
ကူးစက်ပျံ့နှံ့ပုံ: မြေကြီး၊ ပင်ကြွင်းပင်ကျန်များ၊ မိုးရေစက်များနှင့် စိုက်ခင်းသုံး ကိရိယာများမှတစ်ဆင့် ကူးစက်သည်။
၂။ ကိုင်းဖျားခြောက်နှင့် မှည့်ပြောက်စွန်းရောဂါ (Anthracnose)
Colletotrichum spp. မှိုကြောင့် ဖြစ်ပွားပြီး အရွက်၊ အကိုင်း၊ အပွင့်နှင့် အသီးများပေါ်တွင် ကျရောက်လေ့ရှိသည်။
-
အရွက်နှင့် ခေါင်းညွန့်: အရွက်ပေါ်တွင် စက်ဝိုင်းပုံမှ ပုံမမှန် အညိုရင့်ရောင် အစက်အပြောက်များ ဖြစ်ပေါ်ကာ အရွက်များ ပေါက်ပြဲ ပုံသဏ္ဌာန် ပျက်စီးသွားသည်။ ခေါင်းညွန့်များ ခြောက်၍ ကိုင်းဖျားခြောက်ရောဂါကို ဖြစ်စေသည်။
-
အသီးပေါ်ရှိ လက္ခဏာ: အသီးပေါ်တွင် အနာချိုင့်များဖြစ်ပေါ်ကာ မီးခိုးရောင် သို့မဟုတ် အဖြူရောင် မှိုစပိုးများ တွေ့ရသည်။ ဆိုးရွားပါက အသီးများ ရှုံ့ပြီး ခြောက်သွေ့ကာ ကြွေကျသွားသည်။
-
ကူးစက်ပျံ့နှံ့ပုံ: ရောဂါရ အစေ့များ၊ သီးနှံအကြွင်းအကျန်များ၊ မိုးရေစက်နှင့် လေတို့မှတစ်ဆင့် ပျံ့နှံ့သည်။
၃။ ဆာကိုစပိုးရား ရွက်ပြောက်ရောဂါ (Cercospora Leaf Spot)
Cercospora capsici မှိုကြောင့် ဖြစ်ပွားပြီး ပျိုးခင်းသာမက စိုက်ခင်းပါမက ကျရောက်နိုင်သော ရောဂါဖြစ်ပါသည်။
-
ရောဂါလက္ခဏာများ: အရွက်မျက်နှာပြင်ပေါ်တွင် နီညိုရောင် အနားသတ်ရှိသည့် မီးခိုးဖျော့ရောင် စက်ဝိုင်းပြောက်များ စတင်တွေ့ရသည်။ တဖြည်းဖြည်း စက်ဝိုင်းကြီးလာပြီး အဖြူရောင်ပြောင်းကာ အနားသတ်များတွင် အနက်ရောင် စက်ဝိုင်းရစ်များ ဖြစ်လာသည်။ အရွက်များ ဝါလာပြီး ကြွေကျသွားသည်။
-
ကူးစက်ပျံ့နှံ့ပုံ: စိုထိုင်းဆများချိန်တွင် ပိုဖြစ်ပြီး အစေ့၊ မြေကြီး၊ ပင်ကြွင်းပင်ကျန်၊ လေ၊ မိုးရေစက်နှင့် အရွက်ချင်း ပွတ်တိုက်မှုတို့မှ ကူးစက်သည်။
၄။ ဘက်တီးရီးယား ပင်ညှိုးရောဂါ (Bacterial Wilt)
Ralstonia solanacearum ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး ပျိုးခင်းမှ ခူးဆွတ်ချိန်အထိ စိုက်ခင်းတစ်လျှောက်လုံး ကျရောက်နိုင်သည်။
-
ရောဂါလက္ခဏာများ: အရွက်များ ဝါခြင်းမရှိဘဲ အစိမ်းအတိုင်း အရွက်နုများနှင့် အညွှန့်များ စတင်ညှိုးလာသည်။ ရောဂါပြင်းထန်ပါက (၂-၃) ရက်အတွင်း တစ်ပင်လုံး ရုတ်တရက် ညှိုးသေသွားသည်။
-
စစ်ဆေးနည်း: ရောဂါရ ပင်စည်ကို ဖြတ်၍ ရေတွင် စိမ်ကြည့်ပါက နို့နှစ်ရောင် ဘက်တီးရီးယား စိမ့်ထွက်ရည်များ စီးထွက်လာသည်ကို တွေ့ရမည်။
-
ကူးစက်ပျံ့နှံ့ပုံ: ရေဝပ်၍ မြေအစိုဓာတ်များသော နေရာများတွင် ပိုဆိုးရွားပြီး မျိုးစေ့၊ မြေကြီး၊ ရေ၊ စိုက်ခင်းသုံး ကိရိယာနှင့် အင်းဆက်များမှတစ်ဆင့် ပျံ့နှံ့သည်။
နိဂုံးချုပ်အနေဖြင့်
ငရုတ်စိုက်ခင်းများတွင် ရောဂါများ မကျရောက်စေရန် စိုက်ခင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရေသွင်းရေထုတ် စနစ်တကျ စီမံခြင်းနှင့် စိုက်ခင်းသုံး ကိရိယာများကို သန့်စင်စွာ အသုံးပြုခြင်းတို့ဖြင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ပါသည်။ ရောဂါလက္ခဏာများကို စောစီးစွာ ခွဲခြားသိရှိပါက အချိန်မီ ကုသနိုင်မည် ဖြစ်ပါသည်။
သင်၏ ငရုတ်စိုက်ခင်းတွင် ကျရောက်နေသော ရောဂါများနှင့် ပတ်သက်၍ ကာကွယ်နှိမ်နင်းနည်း ဆေးဝါးများ သိရှိလိုပါက Myanma Awba Facebook Page တွင် ဆွေးနွေးမေးမြန်းနိုင်ပါသည်။
