ကြက်သွန်နှစ်ခြမ်းကွဲခြင်း (သို့) ခွထွက်ခြင်း နှင့် ဂရုစိုက်ရမည့်အချက်များ
ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများအနေဖြင့် ၂ ခြမ်းကွဲခြင်းနှင့် ခွထွက်နေသော ကြက်သွန်ဥများကို အနည်းနှင့်အများ တွေ့ကြုံရပါလိမ့်မည်။ 🧅ထိုကဲ့သို့ ကြက်သွန်အောက်ခြေမှ ၂ ခြမ်းကွဲထွက်ခြင်းသည် ကြက်သွန်သီးနှံ၏ ရုပ်ပိုင်းဆိုင်ရာ ကမောက်ကမ ဖြစ်စဉ်တစ်ခုဟု ပြောရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၂ ခြမ်းမကဘဲ ကြက်သွန်အတက်အများအပြားထွက်ခြင်းကိုလည်း ကြုံတွေ့ရနိုင်ပါသည်။
၂ ခြမ်းကွဲနေသည့်ကြက်သွန်သည် အနံ့ ၊ အရသာ ပြောင်းလဲမှုမရှိသော်လည်း တောင်သူဦးကြီးများ ရောင်းချသည့်အချိန်တွင် ဈေးကောင်း ရလိမ့်မည်မဟုတ်ပေ။ ၎င်းအပြင် 🧅သိုလှောင်သည်းဆိမ်းရာတွင်လည်း တာရှည် သိုလှောင်မခံဘဲ ပုပ်သိုးပျက်စီးလွယ်သည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။
ကြက်သွန် ၂ ခြမ်းမကွဲ၊ ခွမထွက်စေရန် ဂရုစိုက်ရမည့်အချက်များမှာ –
၁) မတိမ် ၊ မနက် သင့်တင့်စွာစိုက်ပျိုးပါ
ကြက်သွန်အမြစ်သည် မြေအောက်ခပ်တိမ်တိမ် ဆင်းသည့် သီးနှံဖြစ်သောကြောင့် အပေါ်ယံခပ်တိမ်တိမ်စိုက်ပျိုးခြင်းကို ရှောင်ရှားပါ။
ပျိုးပင်ကို အပေါ်ယံတွင် တိမ်တိမ်စိုက်မိပါက ကြီးထွားမှုနှေးကွေးပြီး ၂ ခြမ်းကွဲခြင်းများဖြစ်စေနိုင်ပါသည်။
ကြက်သွန်သီးနှံသည် အာလူး၊ ခါကြက်ဥ ကဲ့သို့ မြေအောက်သီးနှံမဟုတ်သောကြောင့် နက်နက်စိုက်မိလျှင် ၎င်းအပေါ်တွင်ရှိသည့် မြေကြီးကိုတွန်းဖယ်ရန် ရုန်းကန်ရနိုင်သည်။ ထိုကဲ့သို့ နက်နက်စိုက်မိပါက ကြက်သွန်ဥ ၂ ခြမ်းကွဲဖို့ ဖြစ်နိုင်ခြေအများဆုံးဖြစ်နိုင်သည်။
ပင်ကြားတန်းကြား ကျဲလွန်းခြင်းကို ရှောင်ရှားပါ
ကျွန်းပင်များ တည့်တည့်မတ်မတ်ကြီးထွားလာစေရန် အပင်အကွာအဝေးကို ညီညီ ညာညာ စိတ်စိတ်စိုက်ရပါသည်။
ကြက်သွန်သီးနှံကိုလည်း တစ်ပင်နှင့်တစ်ပင် ခပ်ကျဲကျဲ စိုက်မိပါက ကြက်သွန်ဥ ၂ ခြမ်းကွဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
၃) ရေကို ညီညီညာညာနှင့် ပုံမှန်ပေးသွင်းရန်
ကြက်သွန်စိုက်ကျင်း ၊ စိုက်ဘောင်တိုင်းသည် ရေကို ညီညီညာညာ နှင့် လိုအပ်တဲ့အချိန်မှာ ပုံမှန်ရရှိရန် အရေးကြီးပါသည်။
စိုက်ကျင်း၊ စိုက်ဘောင်များအနိမ့်အမြင့်မညီညာ၍ အရမ်းခြောက်သွေ့သွားသော နေရာများတွင် ကြက်သွန် ၂ ခြမ်းကွဲခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
၄) သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ များ လွန်ကဲစွာသုံးစွဲခြင်း
ကြက်သွန်သီးနှံသည် အာဟာရများစွာ လိုအပ်သော်လည်း လွန်ကဲစွာရရှိခြင်းကို ခံနိုင်ရည်မရှိပါ။ အထူးသဖြင့်သဘာဝမြေဩဇာ ၊ ဓာတ်မြေဩဇာများမှ နိုက်ထရိုဂျင်အများအပြားရလျှင် ကြက်သွန်ဥ ၂ ခြမ်းကွဲခြင်းများဖြစ်စေနိုင်ပါသည်။
၅) မျိုးရွေးချယ်ခြင်း
၂ ခြမ်းကွဲခြင်းကို ခံနိုင်ရည်မြင့်မားသော မျိုးကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါကြောင်း အသိပေးနှိုးဆော် တိုက်တွန်းလိုက်ရပါသည် ကျေးဇူးရှင်တောင်သူဦးကြီးများခင်ဗျား။
