တောင်သူတိုင်းသိထားသင့်တဲ့ သီးနှံပင်အတွက် ဖော့စဖောရပ်၏ လုပ်ဆောင်ချက်များ

ဖော့စဖောရပ်သည် သီးနှံပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဌမှ ပါဝင်ဆောင်ရွက်သည်။ အထူးသဖြင့် ပင်းပိုင်းကြီးထွားမှုအတွက် အခြားသော အာဟာရဓာတ်များနှင့်ပူးပေါင်းဆောင်ရွက်ပေးသည်။ ထို့ကြောင့် ပင်ပိုင်းကြီးထွားမှုသာမက အသီးအပွင့် နှင့် အစေ့အဆံ များဖြစ်ထွန်းပေါ်ပေါက်စေပါသည်။

ဖော့စဖောရပ်၏ အဓိက ဆောင်ရွက်ချက်များမှာ

၁။ အပင်အတွင်း ဇီဝကမ္မဖြစ်စဉ်များအတွက် လိုအပ်သောစွမ်းအင်ကို ထုတ်ပေးခြင်း
၂။ အရွက်များအတွင် နေရောင်ခြည်နှင့် အစာချက်လုပ်ခြင်းလုပ်ငန်းအတွက် အရေးပါခြင်း
၃။ အစာချက်လုပ်ပြီးနောက် ကစီဓာတ်နှင့် သကြားဓါတ်များကို ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်း
၄။ အစာအာဟာရများအပင်အတွင်း တစ်နေရာမှတစ်နေရာသို့ ရွေ့လျားနိုင်စေရန်ဆောင်ရွက်ပေးခြင်း
၅။ မျိုးရိုးဗီဇ များကို သားဆက်များသို့ ဆက်ခံပေးပို့စေခြင်း လုပ်ငန်းများကို အဓိက ဆောင်ရွက်ပေးပါသည်။

ထို့ပြင် ပင်ပိုင်းဆိုင်ရာကြီးထွားမှုနှင့်သက်ဆိုင် သော အောက်ပါလုပ်ဆောင်ချက်များတွင် အဓိက ပူပေါင်းပါဝင်ဆောင်ရွက် ဆောင်ရွက်ပေးသည်။၎င်းတို့မှာ –

၁။ အမြစ်ဖွဲ့စည်းပုံကောင်းမွန်စေပြီး အမြစ်ကြီးထွားမှုအားကောင်းစေခြင်း၊ ချို့တဲ့ပါက ရေသောက်မြစ်နှင့် မြစ်မွှားအရေအတွက်နည်းပါးခြင်း

၂။ ပင်စည်နှင့် အခက်အလက်များတောင့်တင်းခိုင်မာစေခြင်း ၊ အကိုင်း အခက်အလက်များ ကျိုးပဲ့မှု အလွယ်တကူမဖြစ်ပေါ်စေခြင်း။

၃။ အသီးအပွင့် အကင်းများ စတင်ဖြစ်ပေါ်စေပြီး အသီးတင်နှုန်းကောင်းခြင်း၊ အသီးအရွယ်စားကြီးခြင်း ။

၄။ ရင့်မှည့်ချိန်စောပြီး တညီတညွတ်ထဲရင့်မှည့် စေသောကြောင့် ဈေးကွက်ကောင်းရစေခြင်း။

၅။ အသီး အပွင့်များ၏ အရောင်အဆင်း အနံ့အရသာပိုမို ကောင်းမွန်စေခြင်း။

၆။ အပင်ခိုင်မာတောင့်တင်းစေသောကြောင့် ရာသီဥတုဆိုးရွားမှုနှင့် ပိုးမွှားကျရောက်မှုဒဏ် ခံနိုင်ရည်ရှိပြီး ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းစေခြင်း တို့ဖြစ်သည်။

အမြစ်မှ စုပ်ယူရရှိသည့် ဖော့စဖောရပ်ကို အမြစ်တွင် ခေတ္တသိုလှောင်ထားပြီး အခြားလိုအပ်သော အစိတ်အပိုင်းများသို့ဆက်လက်ပို့ဆောင်ပေးသည်။ ထို့နောက် သက်ရှိများအတွက် အရေးပါသော နယူးကလိးယစ်အက်စစ်၊ ပရိုတိန်း၊ လစ်ပစ်၊ သကြား၊ အင်ဇိုင်း များစွာ ပါဝင်နေသော အော်ဂဲနစ် ဒြပ်ပေါင်းများအဖြစ်သို့ ဆက်လက်ပြောင်းလဲတည်ဆောက်ပါသည်။