မြေပဲ ပျပိုး
မြေပဲစိုက်တောင်သူကြီးများခင်ဗျာ မြေပဲပင်မှာကျရောက်တတ်တဲ့ ပျပိုးဟာဆိုရင် မြေပဲခင်းများကို အထွက်နှုန်းကျဆင်းစေနိုင်တဲ့အတွက် ကာကွယ်နှိမ်နင်းဖို့ သိထားသင့်သော အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
Aphis craccivora ပျပိုးအမျိုးအစားဟာဆိုရင် ပဲမျိုးစုံတွင် အများဆုံးကျရောက်လေ့ရှိပါတယ်။
ကိုယ်ခန္ဓာပျော့ပြောင်းပြီး သေးငယ်သော ပိုးအမျိုးအစားဖြစ်လို့ အသေးဆုံး ၁.၅ မီလီမီတာကနေ အကြီးဆုံး ၂.၅ မီလီမီတာ အရွယ်အစားအထိရှိသည်ကို တွေ့ရပါတယ်။
အစိမ်းရောင် အညိုရောင် မီးခိုးနက်ရောင် စသည်ဖြင့် အရောင်အမျိုးမျိုးကွဲပြားပြီး အပင်၏ အရွက်အောက်ခြေ၊ ပင်စည်နှင့် အပင်၏ကြီးထွားသောနေရာများတွင် အများဆုံးတွေ့ရပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့
အပင်၏ ပင်ရည်များကိုစုပ်ယူသောကြောင့် အရွက်ဝါခြင်း၊ ရှုံ့တွခြင်းနှင့် အပင်ကြီးထွားမှု နှောင့်နှေးခြင်းတို့ဖြစ်စေပါတယ်။
ပျပိုးများမှ အချိုရည်ထုတ်သဖြင့် အရွက်မှာ စေးကပ်ကပ်ဖြစ်စေပြီး ကြပ်ခိုးမှိုထပ်ဆင့်ကျနိုင်ပါတယ်
ပျပိုးဟာ ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်နိုင်သဖြင့် သီးနှံပင်များကို ဗိုင်းရပ်စပ်ရောဂါများလျင်မြန်စွာ ကူးစက်ပျံ့နှံ့စေပါတယ်
ဒါကြောင့် အချိန်မှီ ကာကွယ်နှိမ်နင်းခြင်းမပြုနိုင်သောအခင်းများတွင် ပိုးနှင့် ဗိုင်းရပ်စ်တွဲကျပြီး ဆိုးရွားစွာပျက်စီးဆုံးရှုံးနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းနည်း
မြေပဲခင်းရှိ ပေါင်းမြက်များကို ထိရောက်စွာဖယ်ရှားပါ။
အပင်များကို တစ်ပင်နှင့်တစ်ပင် ပြည့်ညပ်စွာ စိုက်ပျိုးမှုကို ရှောင်ရှားပါ
သီးလှည့်စိုက်ပျိုးပါ
ရောဂါဒဏ်ခံနိုင်ပြီး အရည်အသွေးပြည့်ဝသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
ပိုးကျနေသော အပင်၏ အစိတ်အပိုင်းများကို ဖယ်ရှားပါ။
ပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက ဘာမထီ၊ ပိုင်ဒီဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါတယ် ခင်ဗျာ။
