နွားချေးမြေသြဇာ၏ အသုံးဝင်ပုံ

နွားချေးမြေသြဇာ၏ အသုံးဝင်ပုံ

ဒေသတော်တော်များများ၏ သီးနှံစိုက်ခင်းများတွင် နွားချေးမြေသြဇာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျှက်ရှိပါတယ်။

နွားချေးမြေသြဇာတွင် နိုက်ထရိုဂျင်ဓာတ်မြင့်မားစွာပါဝင်သော်လည်း နွားချေးအစိုကို အပင်အား ပေးမိပါက အမိုးနီးယား ပါဝင်မှုကြောင့် သီးနှံပင်မှာလောင်ကျွမ်းနိုင်ပါတယ်။

ထို့ကြောင့် နွားချေးများကို ဆွေးမြေ့အောင်ပြုလုပ်ပြီးမှ အသုံးပြုမည်ဆိုပါကကောင်းကျိုးများစွာရရှိနိုင်ပါတယ်။
နွားချေးမြေသြဇာသည် နွားများစားသုံးလိုက်သော မြက် ၊ အစေ့အဆံနှင့် အခြားသော အစားအစာများကို ခြေဖျက်ပြီး စွန့်ထုတ်လိုက်သော အညစ်အကြေးများဖြစ်ပါတယ်။

ထို့ကြောင့် နွားချေးမြေသြဇာတွင် Organic Matterနှင့် အာဟာရဓာတ်မြောက်များစွာပါဝင်ခြင်းဖြစ်တယ်။

နွားချေးတွင် အမိုးနီးယား မြင့်မားစွာပါယုံသာမက အပင်ရောဂါဖြစ်စေသော သက်ရှိများ လည်း ပါဝင်နိုင်သောကြောင့် ဆွေးမြေ့အောင်ပြုလုပ်ပြီးမှသာလျှင် အသုံးပြုရမည်ကို အထူးသတိထားရမည်။
နွားချေးကို ဆွေးမြေ့အောင်ပြုလုပ်ပြီး မြေသြဇာအဖြစ် အသုံးပြုမည်ဆိုပါက မြေဆီလွှာမှာ ရေထိန်းစွမ်းအားကောင်းလာပြီး သီးနှံပင်မှာ လိုအပ်သောအချိန်တွင် အမြစ်မှ အစာအာဟာရနှင့် ရေကို ချက်ခြင်းစုပ်ယူရရှိနိုင်ပါတယ်။

မြေဆီလွှာ၏ လေဝင်လေထွက်ကောင်းလာပြီး ကြပ်သိပ်နေသော မြေသားများလည်း မြေပိုမွလာနိုင်ပါတယ်။

အကျိုးပြု ဘက်တီးရီယားများစွာပါဝင်သောကြောင့် အာဟာရဓာတ်များကို အပင်စားသုံးသော ပုံစံသို့ တဖြည်းဖြည်း ပြောင်းလဲ ပေးနိုင်ပါတယ်။

စိုက်ပျိုးထားသော သီးနှံပင်များကို အာဟာရဓာတ်များ ထောက်ပံ့ပေးပြီး ကောင်းမွန်စွာဖွံ့ဖြိုးကြီးထွားစေနိုင်ပါတယ်။
အာဟာရဓာတ်များ ပေါများကြွယ်ဝသည့် သီးနှံပင်အကြွင်းအကျန် ( ဥပမာ – ကောက်ရိုး) များကို နွားများမှ ပြန်လည်စားသုံးပြီး နွားချေး မြေသြဇာ ပြန်လည်ထုတ်ယူခြင်းဖြင့် ကောင်းမွန်သော ရလဒ်များကိုသာ ရရှိစေနိုင်မည်ဖြစ်ပါတယ်။

နောက်အပတ်မှာ နွားချေးမြေဆွေး ပြုလုပ်နည်း အဆင့်ဆင့်ကို ရေးသားဖော်ပြသွားမည်ဖြစ်သောကြောင့် ဆက်ဆက်စောင့်ကြည့်ကြပါအုံးခင်ဗျာ။