အပင်ဟော်မုန်းများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ အပိုင်း (၁)
အပင်တွေဟာ မလှုပ်ရှားဘဲ ငြိမ်နေတယ်လို့ထင်ရပေမဲ့ လူတွေလိုပဲ သူတို့အတွင်းထဲမှာတော့ Phytohormones လို့ခေါ်တဲ့ အပင်ဟော်မုန်းတွေနဲ့ တည်ဆောက်ထားတဲ့ ဆက်သွယ်ရေးစနစ်တစ်ခု ဖန်တီးထားပါတယ်။ ဒီစနစ်မှာပါတဲ့ မော်လီကျူးလေးတွေက အပင်တွေကို ဘယ်အချိန်မှာ ပန်းပွင့်ရမယ်၊ ပြင်ပရန်ကဘယ်လိုကာကွယ်ရမယ်၊ ဘယ်အချိန်မှာ “အိပ်စက်” ရမယ်ဆိုတာကို ညွှန်ကြားပေးတတ်ပါတယ်။
၁။ အပင်တွေရဲ့ “ဦးနှောက်အချက်ပြစနစ်”
အပင်ဟော်မုန်းတွေရဲ့ လုပ်ဆောင်ပုံဟာ လူတွေမှာရှိတဲ့ ဟော်မုန်းတွေနဲ့ ဆင်တူပါတယ်။ သူတို့ဟာ အပင်တစ်ပင်လုံးရဲ့ ရှင်သန်မှုအတွက် အောက်ပါအတိုင်း အချက်ပြစနစ်တွေ ပေးပို့ကြပါတယ် –
-
မျိုးစေ့ အပင်ပေါက်ခြင်း
-
အမြစ်များ ကြီးထွားခြင်း
-
အသီးမှည့်ခြင်းနှင့် သစ်ရွက်ကြွေခြင်း
-
မိုးခေါင်ခြင်း သို့မဟုတ် ရေကြီးခြင်းစတဲ့ ရာသီဥတုဒဏ်များကို ခုခံကာကွယ်ခြင်း
၂။ အပင်တစ်ပင် အဓိက ဟော်မုန်း ( ၅ ) မျိုး
(က) Auxin (အောက်ဇင်)
အောက်ဇင် ဟော်မုန်းက ဆဲလ်တွေ ရှည်ထွက်ခြင်းနဲ့ အမြစ်ကြီးထွားမှုကို ထိန်းချုပ်လမ်းညွှန်ပါတယ်။ အပင်တွေ နေရောင်ခြည်ရှိရာဘက်ကို ကွေးညွတ်သွားအောင် ကူညီပေးတာကြောင့် ဒါကို Phototropism (အလင်းရှိရာသို့ ရွေ့လျားအစာချက်ခြင်း) လို့ ခေါ်ပါတယ်။ ဥပမာ နွယ်ပင် များသည် နေရောင်ခြည်ရှိရာသို့ ကွေးညွတ်တတ်သည့် သဘာဝရှိသည်။
-
ထူးခြားချက်: Auxin သည် ဘေးမြစ်များထွက်နှုန်းကို နှစ်ဆတိုးစေနိုင်စွမ်း ရှိသည်။
(ခ) Cytokinin (ဆိုက်တိုခိုင်နင်)
ဆိုက်တိုခိုင်နင်က ဆဲလ်ကွဲပွားခြင်းနဲ့ အစေ့မှအညှောက်ပေါက်ခြင်းကို အားပေးပါတယ်။ ဒီဟော်မုန်းဟာ သစ်ရွက်တွေကို နွမ်းခြောက်မှုကို တားဆီးပေးတဲ့အတွက် အရွက်တွေဟာ စိမ်းစိမ်းစိုစိုနဲ့ အစာချက်လုပ်ခြင်းကို ကြာရှည်လုပ်ဆောင်နိုင်ပါတယ်။
(ဂ) Gibberellins (ဂျစ်ဘာရယ်လင်)
ဒီဟော်မုန်းကတော့ ပင်စည်ရှည်ထွက်ခြင်း၊ မျိုးစေ့အပင်ပေါက်ခြင်းနဲ့ အပွင့်ပွင့်ခြင်းတို့မှာ အဓိကကျပါတယ်။ ဒီဟော်မုန်းမရှိရင် အပင်ဟာ ပုံမှန်ထက် ပုညှက်နေပြီး ပုံမှန်အတိုင်း ကြီးထွားနိုင်မှာ မဟုတ်ပါဘူး။
(ဃ) Abscisic Acid (အက်ဘ်ဆစ်ဆစ် အက်စစ်)
အပင်တွေ ရေပြတ်လတ်တဲ့အခါ အက်ဘ်ဆစ်စစ် (ABA ) လို့ခေါ်တဲ့ ဒီဟော်မုန်းကို ထုတ်လုပ်ပါတယ်။ သူက အရွက်မှာရှိတဲ့ လေရှူပေါက် (Stomata) လေးတွေကို ပိတ်လိုက်ပြီး ရေငွေ့ပြန်ခြင်းကို လျှော့ချပေးခြင်းဖြင့် ရေငတ်ဒဏ်ကို အံတုပါတယ်။
(င) Ethylene (အီသိုင်လင်း)
အသီးတွေကနေ Ethylene လို့ခေါ်တဲ့ ဓာတ်ငွေ့ဟော်မုန်း ထုတ်လွှတ်လိုက်တဲ့အခါ အသီးတွေ မြန်မြန်မှည့်လာတတ်ပါတယ်။ သူက အသီးမှည့်ခြင်းအပြင် သစ်ရွက်ကြွေခြင်းနဲ့ အပင်ထိခိုက်မိတဲ့အခါ ဒဏ်ရာကုသခြင်းတွေကို လုပ်ဆောင်ပါတယ်။
အပင်ဟော်မုန်း ၅ မျိုး၏ လုပ်ဆောင်ချက် အကျဉ်းချုပ်
| ဟော်မုန်းအမည် | အဓိက လုပ်ဆောင်ချက် |
| Auxins – အောက်ဇင် | အမြစ်ထွက်ခြင်း၊ အလင်းဘက်သို့ ကွေးခြင်း |
| Cytokinins – ဆိုက်တိုခိုင်နင် | ဆဲလ်ပွားခြင်း၊ အရွက်များ နုပျိုစေခြင်း |
| Gibberellins – ဂျစ်ဘာလစ်အက်စစ် | ပင်စည်ရှည်ခြင်း၊ အပင်ပေါက်ခြင်း |
| Abscisic Acid (ABA) – အက်ဘ်ဆစ်စစ်အက်စစ် | ရေငတ်ဒဏ်ခံခြင်း၊ မျိုးစေ့များ ငုပ်လျှိုးခြင်း |
| Ethylene – အီသိုင်လင်း | အသီးမှည့်ခြင်း၊ သစ်ရွက်ကြွေခြင်း |
ဒီအပင်ဟော်မုန်း ၅မျိုးအပြင် အပင်တွေရဲ့ လုပ်ငန်းဆောင်တာအားလုံးကို လုပ်ဆောင်ပေးနေတဲ့ ဟော်မုန်းအများအပြားရှိပါတယ်။ အပင်ဟော်မုန်းတွေရဲ့ အသေးစိတ်အချက်အလက်လေးတွေကို နောက်ဆောင်းပါးတစ်ခုမှာ ဆက်လက်ပြောပြပေးပါ့မယ်ခင်ဗျာ
အပင်ဟော်မုန်းတွေဟာ မျက်စိနဲ့မမြင်ရပေမဲ့ အပင်တစ်ပင်ရဲ့ ဘဝစက်ဝန်းကို တိတ်တဆိတ် ပုံဖော်ပေးနေတဲ့ သက်ရှိဆဲလ်တွေပဲဖြစ်ပါတယ်။ ၎င်းတို့ကို စနစ်တကျ နားလည်ခြင်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းခွင်မှာ အပင်တွေ ပိုမိုကျန်းမာ သန်စွမ်းအောင် ပြုစုပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။
သီးနှံစိုက်ပျိုးရေးနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Myanma Awba Facebook Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
