ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-09-23
Share to
တရုတ်အာလူးရော ရှမ်းအာလူးပါ စျေးကွက်ပါမြင့်လာပြီး တစ်ပိဿာကို ၁၀၀၀၀ ကျပ်ထိမြင့်တက်လာ

စက်တင်ဘာ ၂၃

ပြည်တွင်း စားဖိုဆောင်သီးနှံလက်လီစျေးကွက်မှာ အာလူးတစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ် မှာရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီး စျေးကွက်ပင်မဖွင့်နိုင်ဘဲ အာလူးအရောင်းရပ်သွားတာကြောင့် ရှမ်းအာလူးစျေးလည်းမြင့်တက်လာသလို တရုတ်အာလူးလည်း အဝင်နည်းတာကြောင့် အာလူးစျေးနှုန်း က မြင့်တက်လာတာ ဖြစ်ပါတယ်။

အာလူးစျေးနှုန်း တွေဟာ ရှမ်းပြည်နယ်ရေကြီးမှုအပြီး စက်တင်ဘာလ ၁၆ ရက်ကစပြီး မြင့်တက်လာတာဖြစ်ပါတယ်။

" တရုတ်အာလူးကပုံမှန်ဆို ဆယ်စီးလောက်ဝင်ရမှာကို တစ်စီးဝင်လိုက်၊သုံးစီးဝင်လိုက်ဆိုတော့စျေးကတက်တာ။ဒါခုရက်ပိုင်းနည်းနည်းပြန်ကျတယ်ပြောရမယ်၊အရင်ရက်ကအခုထက်စျေးပိုတယ်။ကုန်စည်ဒိုင်လက်ကားစျေးကျလည်း လက်လီကမကျတာကျွန်တော်တို့လည်းသတိထားမိပေမယ့် လက်လီစျေးကွက်ကထိန်းချုပ်ဖို့ခက်တယ်။သူတို့ရောင်းချင်သလိုရောင်းနေကြတာ။" လို့ ဘုရင့်နောင်ကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ တရုတ်အာလူး တစ်ပိဿာကို ၆၅၀၀ ကျပ် ရှိပြီး ရှမ်းပြည်နယ်ကထွက်တဲ့ အောင်ပန်း A1 က ၄၀၀၀ ၊အောင်ပန်း ok ၅၀၀၀ ၊အောင်ပန်း S1 ၅၅၀၀ ကျပ်ရှိနေပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာတော့ မားကစ် S-1 နဲ့ S-2 အကြော်သီးက တစ်ပိဿာကို ၆၀၀၀ မှ ၆၅၀၀ ကျပ်၊ S2-S1 မျက်နီက တစ်ပိဿာကို ၅၅၀၀ မှ ၅၈၀၀ ကျပ်၊S-1-OK မျက်နီက တစ်ပိဿာ ၅၂၀၀ ကျပ်၊OK - မျက်နီက ၅၀၀၀ ကျပ်စျေးရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၅၅၀၀ ကျပ်သာရှိပြီး ၁၀၀၀ ကျပ်ထပ်တက်လာတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းစျေးကွက်မှာလည်း ဩဂုတ်လတုန်းက မားကစ် S-1 နဲ့ S-2 အကြော်သီးက ၅၀၀၀ ကျပ်၊ S2-S1 မျက်နီက ၄၅၀၀ ကျပ်၊S-1-OK မျက်နီက ၄၀၀၀ ကျပ်၊OK - မျက်နီက ၃၈၀၀ ကျပ်သာရှိပြီး ယခုလမှာ‌ေတာ့ အာလူးအမျိုးအစားအလိုက်တစ်ပိဿာကို ၁၀၀၀ ကနေ ၁၈၀၀ ကျပ်အထိတက်လာပါတယ်။

ဒါကြောင့် လက်လီစျေးကွက်မှာအာလူးက ယခင် တစ်ပိဿာကို ၈၀၀၀ ကျပ်အများဆုံးရှိရာကနေလက်ရှိမှာ တစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိမြင့်တက်လာတယ်လို့သိရပါတယ်။

" အာလူးက အကြီးအသေးလိုက်ပြီးလည်းစျေးကွာတယ်။သူ့အမျိုးအစားပေါ်လည်ကွာသေးတယ်။ ဒီမှာ တရုတ်အာလူးကပွဲရုံစျေး ၈၀၀၀ ပါ။ကျွန်တော်တို့ဆီကနေအဆင့်ဆင့်ပြန်ယူရောင်းသူတွေကတော့ သယ်ယူစရိတ်ဘာညာတွေနဲ့ဆိုရင်စျေးက ၁၀၀၀၀ အောက်ထစ်ရောင်းကြမယ်သဘောရှိတယ်" လို့ အာလူးပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

တရုတ်အာလူးကို တင်သွင်းဖို့ရာ လက်ရှိမှာ ပြည်တွင်းက လမ်းပန်းဆက်သွယ်ရေးအခက်အခဲ နဲ့ နယ်စပ်ဂိတ်တွေရဲ့ကုန်သွယ်နိုင်မှုအခြေအနေတွေလျော့ကျလာတာကြောင့် အာလူးကားဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကများနေတာကြောင့်စျေးကွက်မြင့်လာတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ တရုတ်အာလူးကို ထိုင်းနဲ့လာအိုဘက်ကနေလမ်းကြောင်းအခြေအနေပေါ်လိုက်ပြီး အဆင်ပြေသလိုတင်သွင်းနေရတဲ့အတွက် ကားအစီးရေကလည်းပုံမှန်မရှိဘူးလို့သိရပါတယ်။

လက်ရှိ အာလူး အသစ်စျေးတွေကတော့ S2-S1 တစ်ပိဿာကို ၃၅၀၀ ကျပ်၊S1-OKက ၃၀၀၀ ကျပ်၊OK တစ်ပိဿာကို ၂၈၀၀ ကျပ်၊A1 တစ်ပိဿာ ကို ၂၅၀၀ ကျပ်၊A1 ဆွဲ တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ဂေါ်လီဆိုက်တစ်ပိဿာကို ၈၀၀မှ ၁၀၀၀ ကျပ်စျေးရှိနေပါတယ်။

ပြည်တွင်းမှာအာလူးကို ရှမ်းပြည်နယ်က အဓိကစိုက်ပျိုးပြီး မန္တလေးတိုင်း မှာလည်းစိုက်ပျိုးမှုအချို့ရှိပါတယ်။


ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ