ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-09-02
Share to
မြေပဲအသစ်တွေပေါ်လို့ မြေပဲဆံတစ်ပိဿာကို ၃၀၀၀ ကျပ်နီးပါစျေးပြန်ကျ

စက်တင်ဘာ ၂

ပြည်တွင်း မြေပဲစျေးကွက်က တစ် ပတ်အတွင်းမှာပဲ တစ်ပိဿာကို ၃၀၀၀ ကျပ်ဝန်းကျင်အထိ စျေးပြန်လည်ကျဆင်းသွားတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

လက်ရှိမှာ မကွေးတိုင်းဒေသကြီးက မိုး မြေပဲအသစ်တွေစတင်ထွက်ရှိနေပြီး စျေးကွက်ထဲကိုဝင်ရောက်နေတဲ့အပြင် အခြားနယ်တွေကလည်း မြေပဲအသစ်တွေ စျေးကွက်အတွင်းဝင်ရောက်နေပြီဖြစ်တာကြောင့် မြေပဲစျေးကွက်က ကျတင်းသွားတာဖြစ်တယ်လို့သိရပါတယ်။

" အခု မြေပဲစျေးက တော်တော်ပြန်ကျသွားတယ်။အခုကပြည်တွင်းသုံးအဓိကများနေတော့ မြေပဲအသစ်လည်းပေါ်ရော ဆီစက်ပိုင်တွေက စျေးကိုချဝယ်တာပေါ့။ဒါကြောင့်မြေပဲစျေးတွေကျသွားတာပါ။အရင်လက်ကျန်အဟောင်းနည်းတုန်းကကျပစ္စည်းကိုစျေးမြှင့်ပေးပြီးဝယ်တာ။" လို့ မကွေးမှ မြေပဲကုန်သည်တစ်ဦးကပြောပါတယ်။

ဩဂုတ်လ တတိယပတ်တုန်းက မန္တလေးကုန်စည်ဒိုင်၊ မကွေးကုန်စည်ဒိုင် တွေမှာ မြေပဲလုံးဆံဖြူ၊မြေပဲလုံးဆံအနီနဲ့ ဆီဆံ စျေးတွေက တစ်ပိဿာကို ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မန္တလေးကုန်စည်ဒိုင်မှာ မြေပဲလုံးဆံဖြူက ၉၀၀၀ မှ ၉၃၀၀ ကျပ်၊မြေပဲလုံးဆံနီက ၈၀၀၀ မှ ၉၀၀၀ ၊S1 ဆီဆံက ၇၀၀၀ မှ ၈၃၀၀ ကျပ်သာရှိပါတယ်။

မကွေးကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံဖြူက ၈၇၀၀ ကျပ်၊မြေပဲလုံးဆံနီ(မျိုး)က ၉၀၀၀ ကျပ်၊မြေပဲလုံးဆံနီက ၈၄၀၀ ကျပ်၊ ဆီဆံက ၇၀၀၀ မှ ၇၂၀၀ ကျပ်သာရှိတယ်လို့သိရပါတယ်။

လက်ရှိမှာပြည်တွင်း မြေပဲဆံစျေး ကျဆင်းသွားတဲ့အပြင် ဆီစက်ပိုင်တွေကလည်း မြေပဲဆံ အဝယ်အေးပြီး စျေးတန်းဆက်ကျမယ့်အချိန်ကိုစောင့်နေတဲ့အခြေအနေရှိတယ်လို့ ကုန်သည် တွေက သုံးသပ်ပါတယ်။

မြေပဲအသစ်တွေထွက်ပေါ်ချိန်မှာ စျေးတန်းကျဆင်းသွားတာကြောင့် မြေပဲစိုက်တောင်သူတွေအတွက်တော့ ဆုံးရှုံးနစ်နာမှုတွေရှိနေ တယ်လို့သိရပါတယ်။

" နှစ်တိုင်းဒီလိုပါပဲ။ကျွန်တော်တို့မြေပဲအသစ်တွေပေါ်ရင် မြေပဲစျေးက ကျတာပဲ။တောင်သူလက်ထဲမြေပဲမရှိတော့ဘူးဆိုရင်စျေးကတက်ပြီ။လှောင်နိုင်တဲ့သူကအကျိုးအမြတ်ပိုခံစားရတဲ့အခြေအနေဖြစ်တယ်။တကယ်ကိုအချိန်တွေရင်းငွေကြေးစိုက်လူပါမနားမနေလုပ်ရတဲ့ တောင်သူကတော့မရှုံးရင်ကံကောင်းသလိုတောင်ဖြစ်နေတယ်" လို့ မြေပဲစိုက်တောင်သူတစ်ဦးကပြောပါတယ်။

မြေပဲကိုတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှာ အဓိကစိုက်ပျိုးပြီး ပဲခူးတိုင်းနဲ့ အခြားနေရာအချို့မှာလည်းစိုက်ပျိုးကြပြီး အခုဆိုရင်တနိုင်ငံလုံးအတိုင်းအတာနဲ့မိုးမြေပဲတွေစိုက်ပျိုးနေကြပြီဖြစ်ပါတယ်။

ယခု စက်တင်ဘာလထဲမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေပဲတွေ လှိုင်လှိုင်ထွက်ပြီး စျေးကွက်ထဲရောက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

September 21, 2024