စက်တင်ဘာ ၁၈
ပြည်တွင်း မန်းကျည်းသီး စျေးကွက်မှာ မန်ကျည်းသီးမှည့် ဝင်ရောက်မှု နည်းသဖြင့် မန်းကျည်းသီးစျေးနှုန်းက အမြင့်စျေးတန်းမှာပဲရှိတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှသိရပါ တယ်။
အခုနှစ်မှာ မန်းကျည်းသီးမှည့် အသစ်ထွက်ရှိမှုနှုန်း လျော့ကျပြီး ကုန်စည်ဒိုင်တွေနဲ့ပွဲရုံတွေကို ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားရှိနေတာကြောင့် စျေးကွက်က အရင်နှစ်နဲ့ယှဥ်ရင် နှစ်ဆလောက်အထိမြင့်တက်လာတာတွေ့ရတယ်လို့သိရပါတယ်။
" အခုနှစ်ကမန်းကျည်းသီးရှားတယ်။ မန်းကျည်းတလှည့် ဇီးတလှည့်ကိုး။ မနှစ်ကမန်းကျည်းသီးကအများဆုံးမှ ၂၅၀၀ ရှိခဲ့တာ။ ခုနှစ်ကျတော့ အဲဒီနှုန်း ထက်နှစ်ဆလောက်တက်သွားတယ်။အဟောင်းကတော့ စျေးနည်းတယ်၊မန်းကျည်းသီးအဟောင်းကလက်ကျန်များပြီး အသစ်ကနည်းနေတာ။မဟုတ်ရင်ခုထက်စျေးကပိုတက်နိုင်သေးတယ်။ " လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှတာဝန်ရှိ သူတစ်ဦးကပြောပါတယ်။
လက်ရှိရန်ကုန် ဘုရင်နောင်စျေးကွက်မှာ မန်းကျည်းသီး (ပွင့်ကပ်) အစေ့ပါ တစ်ပိဿာကို ၃၃၀၀ ကျပ်မှ ၃၆၀၀ ကျပ်၊ အစေ့ထုတ်ပြီး မန်းကျည်းသီးအသား တစ်ပိဿာကို ၅၀၀၀ မှ ၆၈၀၀ကျပ်အထိစျေးရှိနေတာဖြစ်ပါတယ်။မန်းကျည်းသီးမှည့်လက်ကျန်အဟောင်းကတော့တစ်ပိဿာကို ၃၅၀၀မှ ၄၀၀၀ ဝန်းကျင် ရှိတယ်လို့သိရပါတယ်။
ယခင်နှစ် တုန်းက ဘုရင်နောင်စျေးကွက်မှာ မန်းကျည်းသီး (ပွင့်ကပ်)အစေ့ပါ တစ်ပိဿာကို ၁၂၀၀ ကျပ်မှ ၁၅၀၀ကျပ်သာရှိပြီး အစေ့ထုတ်ပြီး မန်ကျည်းသီးအသား တစ်ပိဿာကိုမှ ၂၂၀၀ မှ ၂၅၀၀ ကျပ်သာရှိ ခဲ့တာဖြစ်ပါတယ်။
မန်းကျည်းသီးအစေ့ပါအတောင့်ကိုတော့ ပြည်ပနိုင်ငံတွေကို အဓိကတင်ပို့ပြီး အစေ့မပါတဲ့ မန်းကျည်းသီး အသားကိုတော့ ပြည်တွင်းမှာ အဓိကစားသုံးမှုရှိတာဖြစ်တယ်လို့သိရပါတယ်။
မန်းကျည်းသီးမှည့်ကို အရင်ကတော့ ထိုင်းနိုင်ငံ၊ တရုတ်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ဗီယက်နမ်နိုင်ငံစတဲ ပြည်ပနိုင်ငံအချို့ကို တင်ပို့မှုရှိပေမယ့် လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေတာကြောင့် ပြည်ပကိုတင်ပို့နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။
ပြည်ပနိုင်ငံအများစုက မန်းကျည်းသီးကို လုပ်ငန်းသုံး အဖြစ်အသုံးပြုကြသလို၊ တိရိစ္ဆာန်အစာအဖြစ်လည်းသုံးစွဲကြပြီး ပြည်တွင်းမှာကတော့ စားဖိုဆောင်သုံးပစ္စည်း၊ဖျော်ရည်နဲ့ ဆေးဖော်စပ်တာအတွက်အဓိကသုံးကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက မန်းကျည်းသီးကို ဝယ်ယူလိုကြောင်း UAE နို င်ငံအခြေစိုက် ကုမ္ပဏီအချို့မီကမ်းလှမ်းမှုရှိထားပေမယ့်လည်း လက်ရှိပြည်တွင်း အခြေအနေအရတင်ပို့နိုင်ခြင်းမရှိသေးပါဘူး။
မန်းကျည်းသီးက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရမည်းသင်း၊ မိတ္ထီလာ အပါအဝင် ပြည်၊ သဲကုန်း၊ ပုတီးကုန်း ၊ ပန်းတောင်း၊ရွှေတောင်၊ အင်းမ၊ပေါင်းတည် စတဲ့ ဒေသတွေနဲ့ ရှမ်းပြည်နယ်ရှိဒေသတွေမှာ အများဆုံးထွက်ရှိတာဖြစ်ပါတယ်။
ချစ်ခွန်းချို(AMIA)