ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-09-17
Share to
ရေကြီးမှုကြောင့် ရှမ်းပြည်နယ် ကုန်စိမ်းစျေးကွက် အရောင်းအဝယ်ရပ်နေ

စက်တင်ဘာ ၁၆


ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်ပြီး ရှမ်းပြည်နယ်ထွက် ကုန်စိမ်းသီးနှံစျေးကွက်လည်းအရောင်းအဝယ်ရပ်နေတယ်လို့ သိရပါတယ်။


စက်တင်ဘာ ၁၀ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းက မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှု တွေဖြစ်ပေါ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရေဘေးသင့်နေသလို လမ်းပန်းဆက်သွယ်ရေး သွားလာမရသဖြင့် ကုန်ကားတွေလည်းမထွက်နိုင်သေးဘဲ ကုန်စည်စီးဆင်းမှုပါ ရပ်တန့်နေတာဖြစ်တယ်လို့သိရပါတယ်။


" ရေကြီးတော့ ရေဘေးရှောင်ရတာနဲ့အရောင်းအဝယ်မလုပ်နိုင်ဘူး။ကားတွေလည်းမထွက်နိုင်ဘူး။ကုန်စိမ်းပွဲရုံတွေထဲရေဝင်တာတွေလည်းရှိတယ်။ရေဘေးကြောင့် အရောင်းအဝယ် တွေရပ်နေတာ ၆ ရက်လောက်ရှိပြီ ။ကားတွေနောက်ရက်ပြန်ထွက်မယ်တော့ပြောတယ်။" လို့ အောင်ပန်းမြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။


ရှမ်းပြည်နယ်မှာ တာချီလိတ်၊အောင်ပန်း၊ကလော ၊အင်းလေး ဒေသအပါအဝင် နေရာအချို့မှာ တောင်ကျရေတွေကြောင့် ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး အင်းလေးမှာ လက်ရှိအချိန်ထိ ရေနစ်မြုပ်မှုတွေဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။


လက်ရှိ အောင်ပန်းမှာ ရေပြန်ကျသွားပေမယ့်လည်း ရှင်းလင်းရေးတွေလုပ်ဆောင်နေရ ပြီး ကုန်စိမ်းပွဲရုံတွေမလည်ပတ်နိုင်သေးတဲ့အပြင် ကုန်တင်ကားတွေလည်း ပြေးဆွဲနိုင်ခြင်းမရှိသေးတာကြောင့် ကုန်စိမ်းသီးနှံအလိုက် စျေးကွက်ပင်မဖွင့်နိုင်သေးဘူးလို့သိရပါတယ်။


" ရေကျသွားပြီဆိုတော့ ကုန်စိမ်းတွေလည်းရောင်းကြဖို့ဆက်သွယ်လာကြတယ်။ဒါပေမယ့် သွားလာရေးနဲ့ စျေးကွက်ကမသိသေးတော့ အရောင်းအဝယ်မဖြစ်သေးဘူး။နောက်ရက်လောက်ဆိုရင်တော့ပုံမှန်အတိုင်း ပြန်ဖြစ်လောက်ပါပြီ" လို့ အောင်ပန်း ကုန်သည်တစ်ဦးက ပြောပါတယ် ။


ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ကုန်စိမ်းသီးနှံတွေကို အောင်ပန်းကုန်စိမ်းပွဲရုံတွေက မြို့ကြီးများ ကိုအများဆုံး ဖြန့်ချီရောင်းချပေးတာဖြစ်သလို အခြားမြို့နယ်တွေကလည်း တိုက်ရိုက်တင်ပို့ရောင်းချခြင်းဖြစ်တယ်လို့သိရပါတယ်။


လက်ရှိ ကုန်စိမ်းသီးနှံ တွေအရောင်းအဝယ်ရပ်ပြီး မြို့ကြီးများထဲ ကုန်စိမ်းသီးနှံတွေ ဝင်ရောက်မှုမရှိချိန်မှာ ကုန်စိမ်းစျေးနှုန်း တွေ ယခင်နှုန်း ထက်ပိုပြီးမြင့်တက်ရောင်းချလာကြပါတယ်။


ရှမ်းပြည်နယ်သည် ကုန်စိမ်းသီးနှံ နဲ့ စားဖိုဆောင်သီးနှံကို အဓိကအများဆုံးစိုက်ပျိုးတဲ့ဒေသဖြစ်တာကြောင့် ရှမ်းကုန်စည်တွေ အဝင်လျော့နည်းသွားချိန်တိုင်းမှာ စျေးနှုန်းတွေမြင့်တက်လေ့ရှိပါတယ်။


ချစ်ခွန်းချို(AMIA)

 

News

ဆက်စပ်သတင်းများ