ဆက်တိုက်ဈေးကျဆင်းနေတဲ့ မတ်ပဲ နဲ့ ပဲစင်းငုံ
မတ်ပဲ နဲ့ ပဲစင်းငုံနီကတော့ ဈေးတွေ ဆက်တိုက်ပြန်ကျဆင်းနေပြီး FOB ဈေးနှုန်းတွေ ပါ ကျဆင်းသွား တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ နေရာ အနှံ့အပြား မိုးကြီး ပြီး ရေနစ်မြုပ်နေကြတဲ့အတွက် အရောင်း အဝယ်ကလည်း ပါးပြီး ဈေးကလည်း အေးနေတဲ့ အခြေအနေလို့ သိရပါတယ်။
မတ်ပဲကတော့ အိန္ဒိယနိုင်ငံတွင်း မှာ ဈေးက ဆက်ပြီးတက်နိုင်တဲ့အခြေအနေလို့ ကုန်သည်တွေက သုံးသပ် ထားကြပါတယ်။စက်တင်ဘာ နိုဝင်ဘာ ပွဲတော်ကာလ အတွင်း ပဲ ဝယ်လိုအား မြင့်တက်လာတဲ့ အပြင်အသစ်အဝင်တွေ ရှိနေပေမယ့် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းတဲ့အတွက်ကြောင့် ဈေးက ဆက်ပြီး မြင့်တက်နိုင်ခြေရှိတယ်လို့သိရပါတယ်။
ပြည်တွင်း မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၈၉၅ မှ ၉၀၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၅ ဒေါ်လာ ဈေးကျဆင်းသွားပါတယ်။
ဒီတစ်ပတ်မှာတော့ မတ်ပဲ တစ်တန်ကို ၃၉၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ နီးပါးဈေးထပ်ကျဆင်းသွားပါတယ်။
ပဲစင်းငုံနီကလည်း စံချိန်တင် မြင့်တက်ရာမှာ တစ်ပတ်အတွင်း ဆက်တိုက်ပြန် ကျဆင်းနေပြီး အရောင်း အဝယ်ကတော့ ပေါက်ဈေးအခြေအနေကို စောင့်ကြည့်ရောင်းဝယ်တာတွေကြောင့် ဈေးကွက် အတွင်း အရောင်းအဝယ်အေး ဈေးကျဆင်းသွားတာဖြစ်တယ်လို့ ကုန်သည်အချို့ကဆိုပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲစင်းငုံနီ စားသုံးမှု မြင့်တက်တာ ၊ပြည်ပတင်သွင်းမှု မလုံလောက်တာ၊ပွဲတော် ကာလ အတွင်း ဝယ်ယူမှု များပြားတာတွေကြောင့် လာမယ့် ကာလအတွင်း ပဲစင်းငုံနီက ဈေးက ဆက်ပြီး မြင့်တက်နိုင်ဦးမယ်လို့ အိန္ဒိယပဲကုန်သည်တွေ နဲ့ ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့တွေက ခန့်မှန်း ထားကြပါတယ်။
ပြည်တွင်း FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၁၂၀ မှ ၁၁၃၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ဒေါ်လာ ၂၀ ဈေးကျဆင်းသွားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၇၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၃ သိန်း နီးပါး ကျပ်ဈေးကျဆင်းသွားပါတယ်။
လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေး က ၅၂၀၀ မှ ၅၃၀၀ ကြား ရှိနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်း သိရှိရပါတယ်။
ဈေးပြန်မြင့်တက်လာတဲ့ ပဲပုတ် နဲ့ ထောပတ်ပဲ
ဆက်တိုက် အတက်ဈေးနဲ့ ရှိနေရာ မှ စက်တင်ဘာလ ပထမ ပတ်မှာ ဈေးပြန်ကျဆင်းသွားတဲ့ ပဲပုတ်က ဒီတစ်ပတ်မှာတော့ ဈေးပြန်မြင့်တက်လာပါတယ်။ ထောပတ်ပဲ ကလည်း ရက် အတန်ကြာ ဈေးငြိမ်နေရာမှာ ဒီတစ်ပတ်မှာတော့ ဈေးပြန်မြင့်တက်လာပါတယ်။အကျဈေးနဲ့ အဝယ်ပြန်သွက် လာပြီး ဈေးလည်း ပြန်တက်လာတာလို့သိရပါတယ်။
မန္တလေးဈေးကွက်မှာ တော့ ပဲပုတ်(ရှမ်း) က သုံးတင်းဝင် တစ်အိတ်ကို ၃၅၀၀၀၀ မှ ၃၉၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်၊ ပဲပုတ်(ဗမာ) က တစ်အိတ်ကို ၃၇၈၀၀၀ မှ ၃၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ထောပတ်ပဲက တစ်ပိဿာကို ၆၃၁၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၅ ကျပ်ဈေး တက်လာပါတယ်။မန္တလေးဈေးကွက်မှာတော့ ပဲထောပတ် အကြီးက တစ်အိတ်ကို ၄၀၀၀၀၀ မှ ၄၂၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပဲ ထောပတ်ပဲ အလတ်ကတော့ တစ်အိတ်ကို ၃၈၀၀၀၀ မှ ၃၉၀၀၀၀ ကျပ်၊ ပဲထောပတ် အသေးကတော့ တစ်အိတ်ကို ၃၁၀၀၀၀ မှ ၃၇၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ကျပ် အသီးသီးဈေးတက်ပါတယ်။
မေမီမောင်(AMIA)