စက်တင်ဘာ ၉
ပြည်တွင်းနှမ်းစျေးကွက်အတွင်း မိုးနှမ်းအသစ်တွေ စတင် ဝင်ရောက်နေပြီဖြစ်တာကြောင့် နှမ်းမျိုးစုံ စျေးနူန်းပြန်ကျဆင်းလာနေတယ်လို့ကုန်စည်ဒိုင်တွေကသိရပါတယ်။
လက်ရှိမှာ မကွေးတိုင်းက စိုက်ပျိုးတဲ့ မိုးနှမ်းတွေ ရိတ်သိမ်းနေပြီး စျေးကွက်ထဲကို ဝင်ရောက်နေတဲ့အပြင် ပြည်ပကလည်း ဝယ်လိုအားလျော့ကျနေတာကြောင့် နှမ်းနက်(စမုံ)အပါအဝင် နှမ်းမျိုးစုံစျေးပြန်ကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။
" မကွေးကနှမ်းတွေပေါ်နေပြီဆိုတော့ နှမ်းနက်အပါ အကုန်ဝင်နေတယ်။အက်ဆစ်လွတ်တဲ့နှမ်းကတော့စျေးမြင့်တယ်ဆိုပေမယ့်လည်းအရင်လကထက်တော့ကျနေတာပေါ့။တရုတ်က နှမ်းနက်အဓိကဝယ်တာ၊အခုကျအဝယ်နည်းနေတယ်။နှမ်းညိုကျတော့လည်းဆီစက်တွေကဝယ်ပါတယ်၊ဒါပေမယ့်အသစ်တွေဝင်တော့စျေးကျတာပါ။" လို့ ကုန်သည်တစ်ဦးက ပြောပါတယ် ။
လက်ရှိစက်တင်ဘာလ ၈ ရက်နေ့ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းနက် စမုံက အက်ဆစ်လွတ် ၄၅ ပိဿာကို ၅၈၀၀၀၀ ကျပ်မှ ၆၀၀၀၀၀ ကျပ်အထိရှိခဲ့ပြီး အက်ဆစ်မလွတ်တာက တစ်အိတ်ကို ၄၈၀၀၀၀ မှ ၅၂၀၀၀၀ ကျပ်သာရှိပါတယ်။
နှမ်းဖြူဂျပန်က ၄၃၀၀၀၀ ဝန်းကျင် ၊နှမ်းဖြူရိုးရိုးက ၃၇၀၀၀၀ ကျပ်မှ ၃၈၀၀၀၀ ကျပ်စျေးပေါက်ပြီး နှမ်းညိုက ၃၀၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်စျေးရှိပါတယ်။
အရင် ဩဂုတ်လ တုန်းက မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းနက် စမုံက အက်ဆစ်လွတ် ၄၅ ပိဿာကို ၆၇၀၀၀၀ ကျပ်မှ ၇၀၀၀၀၀ ကျပ်ရှိပြီး အက်ဆစ်မလွတ်တာက တစ်အိတ်ကို ၅၀၀၀၀၀ မှ ၅၅၀၀၀၀ ကျပ်ရှိပါတယ်။
နှမ်းဖြူဂျပန်က ၄၈၀၀၀၀ ကျပ်မှ ၄၉၅၀၀၀ ကျပ် ၊နှမ်းဖြူရိုးရိုးက ၄၄၀၀၀၀ ကျပ်မှ ၄၄၅၀၀၀ ကျပ်စျေးပေါက်ပြီး နှမ်းညိုက ၃၉၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်စျေးရှိခဲ့တာဖြစ် ပါတယ်။
ဒါကြောင့် နှမ်းမျိုးစုံ စျေးကွက်က စက်တင်ဘာလမှာ နှမ်းအမျိုးအစားအလိုက် ၄၅ ပိဿာတစ်အိတ်ကို ၃၀၀၀၀ မှ ၁၀၀၀၀၀ ကျပ်အထိစျေးပြန်ကျဆင်းသွားတာဖြစ်ပါတယ်။
နှမ်းမျိုးစုံထဲမှာ နှမ်းနက် (စမုံ) မှာ အက်ဆစ်လွတ်တာက တစ်အိတ်ကို ၁ သိန်းအထိပြန်ကျသွားတာဖြစ်ကြောင်း၊ နှမ်းနက် ( စမုံ)က တရုတ်ကိုသာ အဓိကတင်ပို့ရောင်းချရတဲ့အတွက် တရုတ်ရဲ့ နှမ်းလိုအက်ချက် ၊ဝယ်လိုအားအပေါ်လိုက်ပြီးစျေးတက်သလို အဲဒီအခြေအနေပေါ်လိုက်ပြီးလည်း ပြည်တွင်း နှမ်းစျေးကွက်က အတက်အကျ သက်ရောက်မှုရှိ ပါတယ်။
နှမ်းကိုတော့ မကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊မန္တလေးတိုင်းမှာ အဓိကစိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအနေနဲ့ ဆီကြိတ်ခွဲခြင်း ၊မုန့်လုပ်ငန်း၊အကြော်စုံလုပ်ငန်း တွေမှာပဲ အသုံးပြုမှုရှိတာဖြစ် ပါတယ်။
ချစ်ခွန်းချို (AMIA)