ဩဂုတ် ၂၅
ပြည်တွင်းပြောင်းဆံ စျေး စံချိန်တင်မြင့်တက်လာပြီး တစ်ပိဿာကို ၁၇၅၀ ကျပ်အထိစျေးတန်းရှိလာတယ်လို့ ပြောင်းကုန်သည်တွေဆီကသိရပါတယ်။
ပြည်ပမှ မြန်မာ့ပြောင်းဆံ ဝယ်လိုအားကောင်းခြင်း၊ စျေးနှုန်း မြင့်တက်လာခြင်း၊ ပြည်တွင်းမှာ ပြောင်းဆံလက်ကျန်နည်းပြီး အစာစပ်စက်ရုံတွေရဲ့ ဝယ်လိုအားရှိခြင်း၊ ဗဟိုဘဏ်မှ ပို့ကုန်ရငွေအပေါ်ဖြေလျှော့လိုက်ခြင်း စတဲ့အချက်တွေကြောင့် ပြောင်းဆံစျေးက မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
" FOB စျေးနှုန်းတက်လာတယ်၊FOB က၂၇၀ နဲ့ ၂၈၀ နီးပါးရှိလာတယ်။ FOB စျေးနှုန်း တက်လာတာလည်းပါတာပေါ့။ နောက်တခုကမူဝါဖြေလျှော့တာလည်းပါတယ်။ လက်ကျန်ပြောင်းလည်းအရမ်းနည်းလာတာပါတယ်။ အဲ့အချက်တွေကြောင့်ပါ။" လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ကိုဖြိုးကိုကိုနိုင်က ပြောပါတယ်။
ပြောင်းဆံစျေးက ဩဂုတ်လ ၁၂ ရက်အထိ ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ တစ်ပိဿာကို ၁၄၆၀ မှ ၂၄၈၀ ကျပ်သာရှိခဲ့ပြီး ဩဂုတ်လ ၁၃ ရက်မှာ တစ်ပိဿာကို ၁၅၈၀ ကျပ်မှ ၁၆၀၀ ကျပ်အထိမြင့်တက်ခဲ့ပါတယ်။
အဲဒီနောက်မှာ ပြောင်းဆံစျေးထပ်မံမြင့်တက်လာခဲ့ပြီး တစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ကျပ်အထိ မြင့်တက်လာတာဖြစ်လို့ ၁၀ ရက်ကျော်အတွင်းမှာ ပြောင်းဆံတစ်ပိဿာကို ၂၇၀ ကျပ်မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာဆိုရင် ပြောင်းဖူး ( ဗမာ) ၅၄ ပိဿာကို ၈၁၀၀၀ ကျပ်၊ပြောင်းဖူး ( ရှမ်း)နဲ့ ပြောင်းဖူး (CP) က ၅၄ ပိဿာကို ၈၄၀၀၀ မှ ၈၅၀၀၀ ကျပ်အထိ စျေးတန်းရှိလာတာကြောင့် ဩဂုတ်လ ပထမပတ်တုန်းကစျေးတန်းနဲ့ယှဉ် ရင် တစ်အိတ်ကို ၁၂၀၀၀ ကျပ်လောက်အထိမြင့်တက်လာတာဖြစ်ပါတယ်။
လက်ရှိမှာ ပြောင်းဆံက တောင်သူတွေလက်ထဲမှာ မရှိတော့ဘဲ ကုန်သည်တွေနဲ့ပွဲရုံလှောင်လက်သမားတွေဆီမှာသာ ကျန်ရှိပြီး လက်ကျန်နည်းလာတယ်လို့သိရပါတယ်။
ပြောင်းဆံကို ပြည်ပတင်ပို့ မှုအနေနဲ့ အိန္ဒိယ၊ ထိုင်းနိုင်ငံ အပြင် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ကိုလည်း တင်ပို့မှုရှိကြောင်း၊ ပြောင်းဆံ တင်ပို့ရာမှာ နယ်စပ်လမ်းကြောင်းကနေ တင်ပို့နိုင်ခြင်း မရှိဘဲ ပင်လယ်ရေကြောင်းကနေသာ အဓိကတင်ပို့နေရတာဖြစ်တယ်လို့သိရ တယ်။
ပြောင်းဆံတင်ပို့ရာမှာ ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ တန်ချိန်အများဆုံးတင်ပို့နေရတာဖြစ်ပြီး ဩဂုတ်လကုန်မှာ ထိုင်းကိုတင်ပို့ခွင့်ကာလကုန်ဆုံးမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ပထမ သုံးလကာလအတွင်း ပြည်ပကိုပြောင်းတင်ပို့မှုအနေနဲ့ တန်ချိန် ၁ သန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြောင်းစိုက်ပျိုးမှုအနေနဲ့ ရှမ်းပြည်နယ်နဲ့ဧရာဝတီတိုင်းဒေသကြီးမှာအဓိကအများဆုံးစိုက်ပျိုးကြတာဖြစ်ပါတယ်။
ချစ်ခွန်းချို(AMIA)