ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-29
Share to
ပဲဖတ် ၊နှမ်းဖတ်၊နေကြာနဲ့မုန်ညှင်းဖတ်စျေးတွေ မြင့်တက်လာ

ဩဂုတ် ၂၈

ယခု ဩဂုတ်လအတွင်းမှာ ​ပဲဖတ် ၊နှမ်းဖတ် ၊ နေကြာဖတ် နဲ့ မုန်ညှင်းဖတ် စျေးနှုန်းတွေမြင့်တက်လာပြီး စျေးကောင်းရနေတယ်လို့ သိရပါတယ် ။

မြေပဲ၊နှမ်း ၊နေကြာ၊မုန်ညှင်း သီးနှံတွေကို ဆီကြိတ်ရာမှထွက်ရှိတဲ့ ပဲဖတ် ၊နှမ်းဖတ် ၊ နေကြာဖတ် နဲ့ မုန်ညှင်းဖတ်တွေကို မွေးမြူရေးအစာအဖြစ် ငါးမွေးမြူရေးလုပ်ကိုင်သူတွေနဲ့ မွေးမြူရေးအစာစပ်စက်ရုံတွေကဝယ်ယူမှုရှိနေတဲ့အတွက် စျေးကွက်ကမြင့်တက်ခြင်းဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ဇူလိုင်လကုန်တုန်းကဖြစ်ပေါ်ခဲ့တဲ့ ပဲဖတ်၊နှမ်းဖတ်၊နေကြာဖတ်နဲ့မုန်ညှင်းဖတ်စျေးနဲ့ လက်ရှိဩဂုတ်လ နောက်ဆုံးပတ်စျေးကွက်နဲ့ယှဉ်ပါက အမျိုးအစားတခုချင်းအလိုက် တစ်ပိဿာကို ၈၀၀ ကျပ်မှ ၁၇၀၀ ကျပ်ကြား မြင့်တက်လာတာဖြစ်ပါတယ်။
" ပဲဖတ်က ပိုအထွက်ကောင်းတယ်။ဒုတိယကနှမ်းပေါ့။စျေးကတော့အရင်ကထက်တော်တော်တက်လာတာပေါ့။ပဲဖတ်ကိုက အာလိန်ဆီကြိတ်စက်တွေကလည်းဝယ်တယ်။ဝယ်ပြီးသူတို့ကဆီထပ်ကြိတ်တယ်။အဲ့လိုကြိတ်ပြီးထွက်တဲ့ပဲဖတ်က အခြောက်ဖြစ်သွားတော့မှိုမတက်ဘူး။ဆုံနဲ့ကြိတ်တာက ဆီအကုန်မပြောင်တော့မှိုတက်တယ်။ပဲဖတ်ကမွေးမြူရေးအစာအဓိကပါပဲ။ " လို့ ပဲဖတ်ရောင်းဝယ်ရေးလုပ်သူတစ်ဦးကပြောပါတယ်။


လက်ရှိ ဩဂုတ်လ၂၆ ရက်နေ့ မန္တလေးကုန်စည်ဒိုင်ရဲ့  ပဲဖတ်စျေးက တစ်ပိဿာကို ၅၈၀၀ မှ ၆၀၀၀ ကျပ်၊နှမ်းဖတ်တစ်ပိဿာကို ၄၀၀၀ ကျပ်၊မုန်ညှင်းဖတ်တစ်ပိဿာကို ၃၀၀၀ ကျပ်၊နေကြာဖတ် ၃၀၀၀ မှ ၃၁၀၀ ကျပ်ရှိပါတယ်။

 


ပြီးခဲ့ တဲ့ဇူလိုင်လကုန်တုန်းက   ပဲဖတ်စျေးက တစ်ပိဿာကို ၄၂၅၀ မှ ၄၃၀၀ ကျပ်၊နှမ်းဖတ်တစ်ပိဿာကို ၃၁၅၀ မှ ၃၂၀၀ ကျပ်၊မုန်ညှင်းဖတ်တစ်ပိဿာကို ၂၀၀၀ ကျပ်၊နေကြာဖတ် ၂၀၅၀ မှ ၂၁၀၀ ကျပ်ရှိပါတယ်။

ပဲဖတ်စျေးက နေရာဒေသနဲ့သယ်ယူပို့ဆောင်ရေးကုန်ကျမှုအပေါ်လိုက်ပြီး စျေးနှုန်း ကွာဟမှုရှိနေတယ်လို့သိရပါတယ်။

" ပဲဖတ်စျေးက တောင်ကြီးဘက်မှာ ၂၀၀၀ ကျော်ပဲစျေးရတယ်။မန္တလေးလောက်မရဘူး။အနှိမ်ခံရတာပေါ့။သူတို့ကတော့ သယ်ယူစရိတ်မြင့်လို့ကားတွေမထွက်လို့ပြောတာပဲ။ဒါကြောင့်ကျွန်တော်ကတော့ ကိုယ့်ဘာသာမန္တလေးကိုပဲချိတ်ရောင်းတယ်။" လို့ တောင်ကြီးကတနိုင်တပိုင် ဆီကြိတ်ခွဲသူတစ်ဦးကပြောပါတယ်။
ပဲဖတ်၊နှမ်းဖမ်း၊နေကြာဖတ်နဲ့မုန်ညှင်းဖတ်စျေးနှုန်း တွေဟာ မြေပဲ၊နှမ်း၊နေကြာနဲ့မုန်ညှင်းစျေးကွက်အတက်အကျပေါ်လည်းမူတည်သလို အဆိုပါ ဆီထွက်သီးနှံတွေကနေထွက်တဲ့ ဆီကိုပြည်တွင်းစားသုံးမှုအနည်းအများ ၊ဝယ်လိုအားရောင်းလိုအားပေါ်လည်းမူတည်တယ်လို့သိရပါတယ်။

 


ပြည်တွင်း မှာက မြေပဲနဲ့နှမ်းဆီကို စားသုံးမှုများတာကြောင့် မြေပဲဖတ်၊နှမ်းဖတ်စျေးက အခြားအမျိုးအစားတွေထက် စျေးတန်းမြင့်နေတာဖြစ်ပါတယ်။


ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

September 20, 2024