မြေပဲလက်ကျန်နည်းပြီး ပြည်တွင်းဝယ်လိုအားကောင်းနေ တာကြောင့် မြေပဲဆံစျေးမြင့်တက်လာပြီး တစ်ပိဿာကို ၁၀၇၀၀ ကျပ်အထိစျေးတန်းရောက်ရှိလာတယ်လို့သိရပါတယ်။
လက်ရှိပြည်တွင်းမှာ မြေပဲအသစ်တွေ စတင်ထွက်ရှိပေမယ့်လည်း အလွန်နည်းခြင်း၊ ယခင်နှစ်မြေပဲလက်ကျန်ကလည်း နည်းလာပြီး ကုန်စည်ဒိုင်တွေကို အဝင်နည်းနေတာကတကြောင်း၊ ဆီစက်ပိုင်တွေကပါ မြေပဲဆံတွေကို အဝယ်လိုက်နေတဲ့အတွက် မြေပဲဆံစျေးက ခုရက်ပိုင်းမှာဆက်တိုက်မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။
" အခုက ဆီစက်တွေကအတော်လေးအဝယ်လိုက်နေတယ်။ပြည်တွင်းမှာဖြစ်တဲ့ဆီစျေးကွက်က ပျက်နေတော့ မြေပဲဆီကိုလူတွေကပြောင်းသုံးကြတယ်။စားအုန်းဆီစျေးနဲ့ကမတိမ်းမယိမ်းဖြစ်နေတာလေ။နောက်ပြီးအခုမိုးမြေပဲက တချို့နေရာမှာ အသစ်တွေစထွက်တာရှိပေမယ့်အရမ်းနည်းတယ်။လက်ကျန်အဟောင်းကလည်း သိပ်မရှိတော့စျေးကမြောက်နေတာ" လို့ မြေပဲဆံ ဝယ်ရောင်းလုပ်ကိုင်သူ ကုန်သည်တစ်ဦးကပြောပါတယ်။
မြေပဲဆံစျေးကွက်က ပြည်တွင်းစားသုံးမှုအားကောင်းလာတာကြောင့်အပြင် ဗဟိုဘဏ်ရဲ့ပို့ကုန်ရငွေကန့်သတ်မှုအပေါ်ဖြေလျှော့မှုကြောင့်လည်း စျေးနူန်းမြင့်လာတာဖြစ်တယ်လို့သုံးသပ်ပါတယ်။
မြေပဲဆံစျေးမြင့်တက်လာပေမယ့်လည်း တောင်သူလက်ထဲမှာမြေပဲလက်ကျန်သိုလှောင်ထားမှုမရှိသလောက်နည်းပြီး လှောင်လက်သမားတွေ ၊တောင်သူကြီးနဲ့ အရောင်းအဝယ်သမားတွေဆီမှာသာ မြေပဲလက်ကျန်ရှိတော့တယ်လို့သိရပါတယ်။
" ကျွန်တော်တို့လက်ထဲ မြေပဲကမရှိတော့ဘူးလေ။စျေးတွေကဘာမှန်းမသိတော့ နည်းနည်းတက်တာနဲ့အကုန်ရောင်းကြတာ။ခုချိန်ထိလှောင်ထားဖို့ကြလည်းပိုးထိုးမှာကြောက်တာနဲ့ လှောင်ဖို့နေရာမရှိတာနဲ့မလှောင်ကြဘူး။တကယ့်သူဌေးတွေကတော့ရှိသေးတယ်။ခုချိန်မှစျေးတက်တော့ တောင်သူမစံစားရဘူး။" လို့ မြေပဲစိုက်တောင်သူ ဦးငြိမ်းဇော်ကပြောပါတယ်။
လက်ရှိဩဂုတ်လ ဒုတိယပတ်မှာ မြေပဲ အဖြူလုံးဆံ တစ်ပိဿာကို ၁၀၅၀၀ မှ ၁၀၇၀၀ ကျပ်ရှိပြီး မြေပဲအနီလုံးဆံက တစ်ပိဿာကို ၉၅၀၀ မှ ၉၈၀၀ ကျပ်ရှိကာ မြေပဲဆီဆံကလည်း တစ်ပိဿာကို ၁၀၀၀၀ မှ ၁၀၄၀၀ ကျပ်အထိရှိလာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်တုန်းက မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ မြေပဲအဖြူလုံးဆံတစ်ပိဿာကို ၈၃၀၀ မှ ၈၅၀၀ ကျပ်သာရှိပြီး မြေပဲအနီလုံးဆံကတစ်ပိဿာကို ၈၀၀၀ မှ ၈၄၀၀ ကျပ်နဲ့ မြေပဲဆီဆံက တစ်ပိဿာကို ၇၈၀၀ မှ ၈၀၀၀ ကျပ်သာရှိခဲ့ပါတယ်။
ဒါကြောင့် ဩဂုတ်လ ၁၄ ရက်အတွင်းမှာပင် မြေပဲအဖြူလုံးဆံတစ်ပိဿာကို ၂၂၀၀ ကျပ်မြင့်တက်လာပြီး မြေပဲအနီလုံးဆံကလည်းတစ်ပိဿာကို ၁၅၀၀ ကျပ်မြင့်တက်လာကာ မြေပဲဆီဆံက တစ်ပိဿာကို ၂၂၀၀ မှ ၂၄၀၀ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာလမှာတော့ မကွေးတိုင်းထဲက မိုးမြေပဲစိုက်ခင်း တွေစတင် ရိတ်သိမ်းတော့မှာဖြစ်လို့ မြေပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်လာဖို့ရှိနေပါတယ်။
ချစ်ခွန်းချို(AMIA)