ဆက်တိုက်ဈေးမြင့်တက်လာတဲ့ မတ်ပဲ နှင့် ပဲစင်းငုံ
မတ်ပဲက ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ပြည်တွင်း ပို့ကုန်ပဲ ဈေးနှုန်းတွေ ဈေးမြင့်တက်လာပေမယ့် FOB ဈေးနှုန်းကတော့ ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ဗဟိုဘဏ်က တော့ ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ် ငွေဖြင့် လဲလှယ်ဖို့ ၈ ရက်နေ့က ထုတ်ပြန် အပြီးမှာ တော့ ပဲဈေးတွေက ထပ်ပြီး မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာတော့ မုတ်သုံမိုးကောင်းတဲ့ အတွက် ပဲ စိုက်ပျိုးမှုနှုန်းတွေကတိုးလာတဲ့အခြေအနေ လို့ သိရပါတယ်။ ဈေးကွက်အတွင်းမှာလည်း ပဲ အသစ်တွေ က ပေါ်တော့ မှာ ဖြစ်လို့ ပဲ အသစ်တွေ ဝယ်ဖို့ ရာ စောင့်ဆိုင်းနေကြလို့ မတ်ပဲ ဈေးက အကျဈေးနဲ့ ရှိနေတယ်လို့လည်း အိန္ဒိယဈေးကွက် သတင်းတွေ အရ သိရပါတယ်။
အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၆၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၀၀ ရူပီး ဈေးကျဆင်းပါတယ်။
မတ်ပဲ(FAQ/RC) က တစ်တန်ကို ၃၆၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ် နဲ့ နှိုင်းယှဉ်ရင် ၂ သိန်းကျော်ဈေးမြင့်တက်လာပါတယ်။(SQ/RC) ကတော့ တစ်တန်ကို ၃၉၇၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၃၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၉၂၅ မှ ၉၃၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၁၀ ဒေါ်လာ ဈေးကျဆင်းပါတယ်။ လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေး ငွေကျပ် ၅၆၀၀ မှ ၅၇၀၀ ထိ ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။
ပဲစင်းငုံနီကလည်း ဈေးမြင့်တက်လာပြီး တစ်တန်ကို ၄၆ သိန်းထိ ရောက်ရှိလာပါတယ်။ ပြည်တွင်း ပဲဈေးနှုန်း မြင့်တက်နေပေမယ့် FOB ဈေးနှုန်းကျဆင်းနေတာ ဖြစ်တဲ့အတွက် လက်ရှိ အခြေအနေရ ဈေးကောင်းရရှိတဲ့ အခြေအနေမဟုတ်ဘူးလို့ ကုန်သည်အချို့က ဆိုပါတယ်။
အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၀၄၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၂၅၀ ရူပီးဈေးကျဆင်းသွားပါတယ်။မတ်ပဲ နဲ့ ယှဉ်ရင် ပဲစင်းငုံနီက အိန္ဒိယမှာရော မြန်မာ ပြည်တွင်းမှာပါ အကျ ကြမ်းတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာပဲစင်းငုံနီက တစ်တန်ကို ၄၆ သိန်း ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်ပတ်အတွင်း တစ်တန်ကို ၂၇၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၁၁၈၀ မှ ၁၁၉၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ဒေါ်လာ၄၀ ဈေးကျဆင်းသွားခဲ့ပါတယ်။ ၂ ပတ်အတွင်း တစ်တန်ကို ဒေါ်လာ ၁၀၀ နီးပါးဈေးကျဆင်းသွား ပါတယ်။
ဈေးအနည်းငယ်မြင့်တက်လာတဲ့ ပြောင်း
စီပီပြောင်းကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက အတက်ဈေးနဲ့ ငြိမ်နေတာ ဖြစ်ပြီး ဒီတစ်ပတ်မှာတော့ အနည်းငယ် ဈေးမြင့်တက်လာပါတယ်။ထိုင်းနိုင်ငံကို အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်က ဒီလ နောက်ဆုံး ဖြစ်တာ ဖြစ်လို့ ဈေးကွက်ထဲ ပြန်လည် ဝယ်ယူနေမှုတွေရှိနေတယ်လို့သိရပါတယ်။
လက်ရှိ ဈေးမြင့်တက်နေပေမယ့်လည်း ငွေလဲလှယ်ဈေးမြင့်တက်တာနဲ့ နှိုင်းယှဉ်လိုက်ရင် ပြောင်းဈေး က အတက်ဈေးမှာ ရှိမနေဘူးလို့ ကုန်သည်အချို့က ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၄၆၀ မှ ၁၄၈၀ ရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း တစ်အိတ်ကို ၇၂၅၀၀ မှ ၇၃၅၀၀ ရှိပြီး ၁၅၀၀ ကျပ်၊ရှမ်းပြောင်း တစ်အိတ်ကို ၇၃၅၀၀ မှ ၇၄၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် ဈေးမြင့်တက်လာ ပါတယ်။
မေမီမောင်(AMIA)