ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-12
Share to
ဘဏ္ဍာနှစ် လေးလအတွင်း ပြည်ပကို ဆန်နှင့် ဆန်ကွဲတန်ချိန် (၅) သိန်းကျော်တင်ပို့နိုင်ခဲ့ပြီးမနှစ်ကထက်မြင့်တက်လာ

ဩဂုတ် ၁၂

၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်စ ပထမ ၄ လတာကာလအတွင်းမှာ ပြည်ပကို ဆန်နှင့် ဆန်ကွဲတန်ချိန် သိန်း ၅၁၀၀၀၀ ကျော်တင်ပို့ခဲ့ပြီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၅၆ သန်းရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

လအလိုက် ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေနဲ့ကတော့ ဧပြီလမှာ တန်ချိန် ၁၁၁၈၆၂ တန်တင်ပို့မှုမှ ဒေါ်လာ ၅၅ သန်း၊ မေလမှာ တန်ချိန် ၇၁၂၇၉ . ၅ တန်တင်ပို့မှုမှ ဒေါ်လာ ၃၆ သန်း၊ ဇွန်လမှာ တန်ချိန် ၁၆၂၃၂၅. ၇၅ တန်တင်ပို့မှုမှ ဒေါ်လာ ၈၄ သန်း၊ ဇူလိုင်လမှာ တန်ချိန် ၁၆၅၄၄၀. ၃ တန်တင်ပို့မှုမှ ဒေါ်လာ ၈၁ သန်းရှိရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အရင်ဘဏ္ဍာနှစ်တုန်းက ဧပြီလမှ အောက်တိုဘာလအထိ ၇ လအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုပမာဏကမှ တန်ချိန် ၅ သိန်းကျော်သာရှိခဲ့တာကြောင့် ယခုဘဏ္ဍာနှစ်နဲ့နှိုင်းယှဥ်ပါက ယခုနှစ်မှာပြည်ပတင်ပို့မှုမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

" ခုဘဏ္ဍာနှစ်မှာ ပြည်ပတင်ပို်မှုပိုမြင့်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လဆို တန်ချိန်အများဆုံးပို့နိုင်တယ်။မနှစ်က၇လလောက်မှ တန်ချိန်၅သိန်းကျော်ပို့နိုင်တာကို ခုနှစ်ကျလေးလနဲ့အဲ့ဒီနှုန်းလောက်ပို့နိုင်တဲ့အခြေအနေပေါ့။အခုပို့ကုန်ရငွေလည်း ဖြေလျှော့ ပေးလာတော့ တန်ချိန်ပိုပြီးပို့နိုင်မယ့်အလားအလာရှိပါတယ် " လို့ ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၂. ၅ သန်းအထိ တိုးမြှင့်တင်ပို့ပြီး အမေရိကန် ဒေါ်လာတစ်ဘီလျံကျော်အထိ ရရှိဖို့ မျှော်မှန်းထားတယ်လို့သိရပါတယ်။

ဆန်နှင့်ဆန်ကွဲကို ပြည်ပတင်ပို့မှုအနေနဲ့ ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ တရုတ်ကို အဓိက ပင်လယ်ရေကြောင်းကနေသာတင်ပို့နေရပြီး နယ်စပ်ကုန်သွယ်ရေးကနေတော့ဆန်တင်ပို့မှုရပ်နေတယ်လို့သိရပါတယ်။

" နယ်စပ်က ဆန်တင်ပို့မရှိတာကြာပြီလေ။မပို့နိုင်ဘူး။ပင်လယ်ရေကြောင်းကပဲအဓိကပို့နေရတာ"လို့နယ်စပ်ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

ပြည်ပကို ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအနေနဲ့ မိုးစပါးတွေရိတ်သိမ်းပြီးကာလဖြစ်တဲ့ နိုဝင်ဘာကစပြီး မေလအထိကာလက ပြည်ပကို ဆန်တင်ပို့မှုအတွက်က အရေးကြီးတဲ့ကာလတွေဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာ ပြည်ပကိုဆန်တင်ပို့မှု တန်ချိန် ၂ သန်းအထိမျှော်မှန်းခဲ့ပေမယ့် တန်ချိန် ၁ သန်းကျော်သာတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

September 20, 2024