မကွေးတိုင်းထဲက နတ်မောက်မြို့နယ်က ကျေးရွာအုပ်စု ၁၀ စုလောက်မှာ မိုးခေါင်ရေရှားမှုကြောင့် မိုးနှမ်းစိုက်ခင်းဧက အများအပြားပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
နတ်မောက်မြို့နယ်မှာ နှမ်းစတင်စိုက်ပျိုးချိန်လောက်ကသာ မိုးအနည်းငယ်ရွာသွန်းပြီး နှမ်းစိုက်ခင်းအပင်သက်တမ်း တစ်လခွဲလောက်အထိမိုးရွာခြင်းမရှိတာကြောင့် နတ်မောက်အနောက်ခြမ်းက မိုးနှမ်းစိုက်ဧကတွေ ပျက်စီးပြီး တောင်သူတွေဒုက္ခရောက်နေကြရတာ ဖြစ်တယ်လို့သိရပါတယ်။
" မိုးကတော့နှစ်တိုင်းအရွာနည်းတာမှန်ပေမယ့်ခုနှစ်ကပိုဆိုးသွားတာပါ။တတိုင်းထဲတောင်သူများဘက်တွေရေကြီးတယ်။ခုနှစ်မိုးခေါင်တာလွန်တယ်။စိမ့်စမ်းရေထွက်တဲ့နေရာကအခင်းလောက်ပဲနည်းနည်းကောင်းတယ်။ကျန်တဲ့ကုန်းသက်သက်အခင်းတွေကတော့ အကုန်ပျက်စီးသေကုန်တယ်။ရေတင်ဖို့ကလည်းမပြေကြဘူးလေ။" လို့ နတ်မောက်ဒေသခံတောင်သူ တစ်ဦးကပြောပါတယ်။
မိုးခေါင်မှုကြောင့် ရေမသောက်ရလို့ပျက်စီးသွားတဲ့မိုးနှမ်းစိုက်ခင်းတွေကို နောက်တကြိမ်အသစ်ပြန်လည်ထွန်ယက်ပြီး စိုက်ပျိုးရမှာဖြစ်လို့ ကုန်ကျစရိတ်ကနှစ်ဆ ဖြစ်သွားတဲ့အပြင် လာမယ့်ဆောင်းသီးနှံအဖြစ် နှမ်းထပ်မံစိုက်ဖိုလည်းမသေချာတော့တဲ့အခြေအနေဖြစ်သွားတယ်လို့သိရပါတယ်။
ဒါကြောင့် နှမ်းစိုက်တောင်သူတွေမှာ စိုက်ပျိုးစရိတ်နှစ်ဆကုန်ကျတဲ့အပြင် ဆောင်းသီးနှံလည်းမစိုက်ရလို့ ခုနှစ်မှာဆုံးရှုံးနစ်နာမှုပိုပြီးများတယ်လို့သိရပါတယ်။
"ခုနှစ်အလုပ်သမားငှားခကလည်း တက်တယ်။အကုန်တက်နေတဲ့အချိန်တရာသီထဲကို စိုက်ပျိုးစရိတ်နှစ်ခါကုန်တော့ခုကာလပိုပြီးဒုက္ခရောက်ရတယ်။တောင်သူတွေခုလိုသီးနှံပျက်တော့ဘယ်သူမှ လာမထောက်ပံ့ကြဘူး။ထွက်တဲ့သီးနှံကျတော့စျေးကအနှိမ်ခံရပြန်တယ် " လို့ နှမ်းစိုက်တောင်သူဦးအေးကပြောပါတယ်။
နှမ်းတစ်ဧကအတွက်စိုက်ပျိုးမှုကုန်ကျစရိတ်မှာ အနည်းဆုံး ၇ သိန်းလောက် ကုန်ကျမှုရှိနေတယ်လို့ သိရပါတယ် ။
အချို့သော နှမ်းစိုက်တောင်သူတွေမှာ မိုးနှမ်းစိုက်ပျိုးဖို့အတွက်အရင်းအနှီးမရှိတာကြောင့် အရင်းအနှီးအတွက်ကုန်ကျစရိတ်ကို အတိုးနဲ့ချေးငှားဆောင်ရွက်ရသူရှိသလို ရှိတဲ့ရွှေလက်ဝတ်ရတနာကိုပေါင်နှံကာစိုက်ပျိုးရတာဖြစ်လို့စိုက်ခင်းတွေပျက်စီးမှုက ထိခိုက်နစ်နာ ဆုံးရှုံးမှုကြီးမားစေခဲ့တယ်လို့သိရပါတယ်။
မကွေးတိုင်းမှာ နတ်မောက်မြို့နယ်က မိုးနှမ်းကိုအများဆုံးစိုက်ပျိုးကြပြီး မြေပဲလည်းစိုက်ပျိုးသူရှိကြောင်း၊မြေပဲခင်းတွေကတော့ပျက်စီးမှုနည်းတယ်လို့သိရပါတယ်။
ချစ်ခွန်းချို(AMIA)