ဇူလိုင် ၈၊၂၀၂၄
ပြည်တွင်းသကြားစျေးကွက်မှာ ကုန်သည်တွေက သကြားကိုစျေးမချဘဲ ထိန်းပြီးအရောင်းအဝယ်လုပ်နေတာကြောင့် စျေးတန်းက အမြင့်စျေးတန်းမှာပဲ ငြိမ်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းကသိရပါတယ်။
ကမ္ဘာ့သကြားစျေးမတက်ပေမယ့် ပြည်တွင်းသကြားစျေးကတော့ အမြင့်စျေးတန်းအဖြစ် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၄၇၅၀ ကျပ် ရှိနေပါတယ်။
" အခုက စျေးကငြိမ်နေတယ်၊အမြင့်စျေးမှာပဲငြိမ်နေတာက သကြားကိုထိန်းပြီးရောင်းနေကြလို့ပါ၊အရောင်းအဝယ်ကောင်းလို့စျေးကတက်တာ မဟုတ်သလို ပြည်ပက ဝယ်လိုအားကောင်းလို့လည်းမဟုတ်ပါဘူး " လို့ အသင်းဒုတိယဥက္ကဋ္ဌဦးဝင်းဌေးကပြောပါတယ်။
ပြည်တွင်းသကြားစျေးမြင့်တက်နေပေမယ့် ပြည်တွင်းမှာလည်းအရောင်းအဝယ်အေးသလို ပြည်ပကလည်း ဝယ်လိုအားနည်းနေတယ်လို့သိရပါတယ်။
မြန်မာ့သကြားက ပြည်ပစျေးကွက်မှာ သကြားတစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင်ရှိပြီး အခြားနိုင်ငံကထွက်ရှိတဲ့သကြားက မြန်မာ့သကြားစျေးထက် လျော့နည်းတဲ့အတွက် ပြည်ပကဝယ်လိုအား နည်းနေတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိပြည်တွင်း သကြားစျေးကွက်မှာ ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆိုရင် သကြားတစ်ပိဿာကို ၄၇၀၀ ကျပ်မှ ၄၇၅၀ ကျပ်ရှိပြီး ပြင်ပလက်လီစျေးကွက်မှာက တစ်ပိဿာကို ၆၀၀၀ ကျပ်အထိစျေးတန်းရှိနေတာဖြစ်ပါတယ်။
" သကြားကအရင်ဝယ်ရတာ ၄၀၀၀၊နောက်၅၀၀၀၊ ခုဟိုတနေ့ကဝယ်တာ ၆၀၀၀ စျေးဖြစ်သွားတယ်။ သကြားကမရှိမဖြစ်မဟုတ်တော့ သိပ်တော့မသုံးဖြစ်ဘူး။တစ်ပိဿာလောက်ဝယ်ထားရင်ကိုတော်တော်သုံးရတယ်၊စျေးတွေကတော့အကျမရှိဘူး အတက်ချည်းပဲ " လို့ စားသုံးသူ ပြည်သူတစ်ဦးဖြစ်သူ မမာမာစိုးကပြောပါတယ်။
ဘုရင့်နောင်ကုန်စည်စျေးကွက်မှာ ဇန်နဝါရီလတုန်းက သကြားတစ်ပိဿာကို ၃၉၅၀ ကျပ်သာရှိပြီး ဖေဖော်ဝါရီလကုန်မှာ တစ်ပိဿာကို ၄၁၀၀ ကျပ်အဖြစ်အတက်ပြလာပြီးနောက်ဆက်တိုက်မြင့်တက်ကာ တစ်ပိဿာကို၄၇၅၀ ကျပ်အထိရောက်လာတာဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ သကြားစက်ရုံပေါင်း ၂၃ ရုံ ရှိပြီး နှစ်စဉ် ထွက်ရှိတဲ့ သကြားတန်ချိန် ပျမ်းမျှ ၄ သိန်း လောက်ရှိကြောင်း လက်ရှိပြည်တွင်းမှာ သကြားလက်ကျန်အများအပြားရှိနေပြီး ပြည်တွင်းစားသုံးမှုလုံလောက်တယ်လို့သိရပါတယ်။
ကြံကြိတ်ခွဲရာသီက နှစ်စဉ် ဒီဇင်ဘာလမှာ စတင်လေ့ရှိပြီး ဧပြီလဆန်းပိုင်းမှာတော့ ကြံကြိတ်ဝါးရာသီ ကုန်ဆုံးကာ ပြည်တွင်း သကြားလက်ကျန်ရှိသလောက်အပေါ်မူတည်ပြီး ပြည်ပကိုတင်ပို့ရောင်းချနေတာဖြစ်တယ်လို့သိရပါတယ်။
ကြံစိုက်ပျိုးမှုအနေနဲ့က စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသ၊ ရန်ကုန် တိုင်း တို့မှာအဓိကအများဆုံး စိုက်ပျိုးမှုရှိတာဖြစ်ပါတယ်။
မစံပယ်(AMIA)