ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-06-26
Share to
မုန်လာဥနီတစ်ပိဿာ ၂၀၀၀၀ ကျပ်နဲ့ ဂေါ်ဖီတစ်ထုတ် ၁၀၀၀၀ ကျပ်ထိအဆမတန် ဈေးတက်လာ

ဇွန် ၂၆ ၊၂၀၂၄

ပြည်တွင်းကုန်စိမ်းစျေးကွက်မှာ မုန်လာဥနီ ခေါ် ခါကြက်ဥက စျေးအဆမတန်မြင့်တက်လာသလို ဂေါ်ဖီထုတ်ကလည်း စျေးအမြင့်တန်းမှာပဲရှိနေတယ်လို့သိရပါတယ်။

လက်ရှိပြည်တွင်းကုန်စိမ်းစျေးကွက်မှာ မုန်လာဥနီ တစ်ပိဿာကို ၂၀၀၀၀ ကျပ်အထိ စျေးအဆမတန်မြင့်တက်လာပြီး ဂေါ်ဖီထုတ်ကလည်း တစ်ထုတ်ကို ၁၀၀၀၀ ကျပ်အထိမြင့်တက်နေတယ်လို့သိရပါတယ်။

" ကျွန်တော်ရှမ်းပြည်ဘက်မှာက အဲ့ဒီလောက်စျေးတွေမရှိပါဘူး၊ ဂေါ်ဖီဆိုအထုတ်ကြီးမှ ၅၀၀၀ ပဲရှိတယ်၊ဥနီကလည်း ဒေသကိုတစ်ပိဿာမှ ၃၇၀၀ ပဲရှိတာ၊ ကျန်တဲ့ ဝယ်လက်သမားတွေဆီရောက်မှ စျေးတွေက သောင်းဂဏန်းတွေဖြစ်ကုန်တာ၊ ကုန်ပစ္စည်းကတော့အဝင်နည်းပါတယ်၊အဓိကလုပ်ငန်းလုပ်တဲ့သူတွေပဲအခုကပိုသုံးကြတာပါ " လို့ရှမ်းပြည်နယ် အောင်ပန်းက ကုန်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ကုန်စိမ်းပွဲရုံတွေကို မုန်လာဥနီ နဲ့ဂေါ်ဖီထုတ် က ကုန်ပစ္စည်းအဝင်နည်းနေတဲ့အပြင် မိုးရွာသွန်းမှုကြောင့်ပျက်စီးမှုတွေလည်းရှိနေတဲ့အတွက် ရောင်းလိုအားနဲ့ဝယ်လိုအားမမျှခြင်း ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ကုန်ကျစရိတ်တွေမြင့်တက်လာလို့ စျေးတွေအဆမတန်မြင့်တက်လာနေတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းကုန်စိမ်းစျေးကွက်မှာတော့ မုန်လာဥနီ (ဒေသ) အကြီးက တစ်ပိဿာကို ၃၇၀၀ ကျပ်သာရှိပြီး မုန်လာဥနီ (ဒေသ) အသေး တစ်ပိဿာကို ၃၅၀၀ ကျပ်သာရှိကြောင်း ဂေါ်ဖီထုတ်ကလည်း ၂ ပိဿာနီးပါးရှိ ဂေါ်ဖီ တစ်ထုတ်ကို ၅၀၀၀ ကျပ်၊ ဂေါ်ဖီအလတ်စ တစ်ပိဿာအောက်တစ်ထုတ်ကို ၄၀၀၀ ကျပ်သာရှိတယ်လို့သိရပါတယ်။

" ဂေါ်ဖီကတော့ မစားတာကြာပါပြီ၊စျေးသည်တွေလည်းမရောင်းကြဘူး၊ဂေါ်ဖီတစ်စိတ်တစ်ထောင်ကျော်၊အထုတ်လိုက်ဆို အသေးတောင် ၇၀၀၀၊၈၀၀၀ ပေးရတာ မစားမဖြစ်အရာမဟုတ်လို့မစားဘူး၊ဥနီလည်းဒီတိုင်းပဲ၊အရင်က တစ်ဆယ်သားမှ ၄၀၀ ရှိတာကအခု၂၀၀၀ ဆိုတော့ မစားဖြစ်ဘူး" လို့ ပြည်မြို့က စားသုံးသူအိမ်ရှင်မဖြစ်သူဒေါ်စိုးစိုးအေးကပြောပါတယ်။

အရင်တုန်းက ဥနီတစ်ပိဿာကို ၃၅၀၀ မှ ၄၀၀၀ ကျပ်သာရှိပြီး ၊ ဂေါ်ဖီ တစ်ထုတ်ကိုလည်း ၁၅၀၀ လောက်သာရှိရာကနေ လက်ရှိမှာအဆမတန်မြင့်တက်လာကာ ဥနီဆိုရင်တစ်ပိဿာကို ၁၅၀၀၀ ကျော်မြင့် တက်လာပြီး ဂေါ်ဖီထုတ်တစ်ထုတ်ကိုမူ ၈၀၀၀ ကျော်အထိမြင့် တက်လာတာဖြစ်ပါတယ်။

မုန်လာဥနီကို ရှမ်းပြည်နယ်၊မန္တလေးတိုင်းအပါအဝင် ဒေသအချို့မှာ စိုက်ပျိုးပြီး မိုးရာသီမှာ မုန်လာဥနီထွက်ရှိမှုနည်းတာကတကြောင်း ၊ ပြည်တွင်းနယ်အစုံကို ပြန်လည်တင်ပို့ရောင်းချရာမှာလည်း လမ်းပန်းဆက်သွယ်​ေရအခက်အခဲ၊ကုန်သွယ်ရေးစရိတ်မြင့်တက်မှုတွေကြောင့် မုန်လာဥနီကအဆမတန်စျေးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

News

ဆက်စပ်သတင်းများ

Myanma Awba App

Install
×