ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-07-01
Share to
ဇွန်လ ၂၅ ရက်နေ့ မှ ဇူလိုင် ၁ ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

ဈေးဆက်တိုက် ကျဆင်းနေတဲ့ မတ်ပဲ နဲ့ အနည်းငယ်ဈေးပြန်မြင့်တက်လာတဲ့ပဲစင်းငုံ

မတ်ပဲကတော့ ဈေးဆက်တိုက်ကျဆင်းနေပါတယ်။ ငွေလဲလှယ်နှုန်း၊အိန္ဒိယဝယ်ယူမှု နဲ့ ပြည်တွင်း မတ်ပဲ ထုတ်ရောင်းလာမှု အခြေအနေပေါ် မူတည်ပြီး အတက်အကျ တွေ ရှိနေတာ ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံတွင်းမှာလည်း နွေမတ်ပဲ တွေ ဈေးကွက်ထဲ အဝင်ရှိနေတာ ဖြစ်လို့ ဈေး က အေးနေ ပါတယ်။

အိန္ဒိယအစိုးရက မိုးစိုက်မတ်ပဲ ရဲ့ အခြေခံဈေးနှုန်းကို ၁၀၀ ကီလိုဂရမ်ကို ၇၄၀၀ ရူပီး သတ်မှတ်လိုက်ပြီး ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ၄၅၀ ရူပီးများလာပါတယ်။ ဈေးအမြင့်ပေးထားတာ ဖြစ်လို့ မတ်ပဲကတော့ လက်ရှိ ပေါက်ဈေးထက် အများကြီး ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့သုံးသပ်မှုတွေ ရှိပါတယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၉၂၅ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၂၅ ရူပီး ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၅၀၀၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ငွေကျပ် ၅၀၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။( SQ/RC) ကတော့ တစ်တန်ကို ၃၆၄၅၀၀၀ ပေါက်ဈေးရှိပြီး ၄၂၀၀၀ ကျပ်၊မတ်ပဲ RAW ကတော့ တစ်ပိဿာကို ၅၅၂၅ မှ ၅၅၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၄၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၉၇၅ မှ ၉၉၅ ဒေါ်လာ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀ ဒေါ်လာလောက် ဈေးကျဆင်းသွားပါတယ်။ ၂ ပတ်အတွင်း မတ်ပဲတစ်တန်ကို ၁ သိန်းလောက် ဈေးကျဆင်းသွားခဲ့ ပါတယ်။

ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ တစ်ပတ်က တစ်တန်ကို ၄၅သိန်းအောက်ထိ ဈေးကျဆင်းသွားခဲ့ပါတယ်။ ပစ္စည်းလက်ကျန် လျော့နည်းတာ၊ ထုတ်ရောင်းမှု နည်းတာ တွေကြောင့် ဈေးက တစ်ပတ်အတွင်း ပြန်မြင့်တက်လာခဲ့ပါတယ်။
အိန္ဒိယအစိုးရက ပြီးခဲ့တဲ့ အပတ်က ပဲစင်းငုံ သိုလှောင်ခွင့် နဲ့ ပတ်သတ်ပြီး လက်ကား သမားတွေ က တန်ချိန် ၂၀၀၊လက်လီ သမားတွေက တန်ချိန် ၅၀ နဲ့ လက်လီ ဆိုင်ကြီး သမားတွေက တန်ချိန် ၂၀၀ သိုလှောင်ရမှာ ဖြစ်ပြီးသိုလှောင်ခွင့်ကို လာမယ့် စက်တင်ဘာလကုန် အထိ ကန့်သတ် ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ပဲစင်းငုံနီက အိန္ဒိယနိုင်ငံတွင်း အထွက်နှုန်းလျော့ကျနေတာ ဖြစ်လို့ ဈေးက တော့ အမြင့် ဈေးမှာ ပဲရှိနေနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၁၀၀ ရူပီး ဈေးမြင့်တက်လာပါတယ်။

ရန်ကုန်စျေးကွက်မှာပဲစင်းငုံနီက တစ်တန်ကို ၄၅၆၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ် နဲ့ ယှဉ်လိုက်ရင် တစ်တန်ကို ၃၀၀၀၀ ကျပ်ဈေးပြန်တက်လာပါတယ်။

အတက်ဈေးနဲ့ ရှိနေတဲ့ ပဲတီစိမ်း

ပြည်ပ ပို့ကုန်ပဲ တွေ ဈေးကျဆင်းနေပေမယ့်ပဲတီစိမ်းကတော့ အကျ မရှိပဲ အတက်ဈေးနဲ့ပုံမှန် အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ ပုံမှန် ပင်လယ်ရေကြောင်းအပြင် နယ်စပ်ကုန်သွယ် ရေး လမ်း ကြောင်းတွေကနေတဆင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်္ဂလန်၊နယ်သာလန် တို့ အပြင် အခြား ဥရောပ နိုင်ငံတွေကို လည်း တင်ပို့နေတာ ဖြစ် တယ်လို့သိရပါတယ်။

စီးပွားကူးသန်းက ထုတ်ပြန်တဲ့ စာရင်းအရ ၃ လအတွင်း ပဲတီစိမ်း ၁၈၀၀၀၀ ကျော်တင်ပို့ထားတယ်လို့ သိရပါတယ်။ပုံမှန်တင်ပို့မှုတွေ အတွက် အဝယ်ရှိပေမယ့် တရုတ်နယ်စပ် တစ်လျှောက် လမ်းကြောင်း ပိတ်ဆို့ မှုတွေကြောင့် ယခင်ကလောက် တင်ပို့နိုင်မှု မရှိပဲ အဝယ်လည်း နည်းတယ်လို့ သိရပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၈၅၀၀၀ မှ ၂၀၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။

အဝင်နည်းပေမယ့် ဈေးကျဆင်းသွားတဲ့ ကြက်သွန်နီ နဲ့ အကျဈေးနဲ့ ငြိမ်နေတဲ့ ကြက်သွန်ဖြူ

ကြက်သွန်နီကတော့ ဈေးကွက်ထဲကို ပိဿာချိန် တစ်သိန်းကျော်လောက်သာ အဝင်ရှိနေပေမယ့် ဈေးကတော့ ကျဆင်းသွားပါတယ်။ ရာသီဥတု ကြောင့် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းပြီး ဈေးကွက်ထဲ အဝယ်နည်းတဲ့အတွက်ဈေးကျဆင်းသွားတာလို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၆၀၀ မှ ၂၁၀၀ ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းပါတယ်။ (မြင်းခြံ၊မုံရွာ၊ရွှေဘို )တို့က ပုံမှန် အဝင်ရှိနေပြီး တစ်ပိဿာကို ၁၅၅၀ မှ ၂၄၀၀ ကြား ပေါက်ဈေးရှိပြီး အရည်အသွေးပေါ်မူတည်ကာ တစ်ပိဿာကို ၅၀ မှ ၁၀၀ ကြား အတက်အကျရှိပါတယ်။

ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ ပုံမှန် အဝင်ရှိနေပြီး ဈေးငြိမ်နေပါတယ်။ကြူကုတ် ကတော့ ဈေးကျဆင်းပါတယ်။ ဈေးကွက်ထဲ အဝင်များပါတယ်။ကြက်သွန်ဖြူက လက်ရှိ လမ်းခရီး အခြေအနေ များကြောင့် ဈေးကွက် အဝင်နည်းနိုင်ပြီး ဈေးမြင့်တက်နိုင်တယ်လို့ ကုန်သည်အချို့က သုံးသပ်ခန့်မှန်းမှုတွေ ရှိပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၅၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၉၃၀၀ မှ ၉၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မေမီမောင်(AMIA)

News

ဆက်စပ်သတင်းများ