ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-06-25
Share to
မိုးစပါး သီးနှံအာမခံကြေးမြင့်တက်

ဇွန် ၂၄

မိုးစပါးသီးနှံအတွက် ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံကြေးက ဆောင်းသီးနှံအာမခံနှုန်းထက်မြင့်တက်ပြီး တစ်ဧကကို ၂ ရာခိုင်နှုန်း ပေးသွင်းရမှာဖြစ်တယ်လို့ တောင်သူတွေဆီကသိရပါတယ်။

အာမခံကြေးက လယ်တစ်ဧကကို မြန်မာလယ်ယာဖွံဖြိုးရေးဘဏ်ကထုတ်ချေးတဲ့ချေးငွေပမာဏ ၁၅၀၀၀၀ ရဲ့၂ ရာခိုင်နှုန်း ဖြစ်သွားတာကြောင့် တစ်ဧကကို ၃၀၀၀ အာမခံကြေးပေးသွင်းရမှာဖြစ်လို့ လယ် ၁၀ ဧကငွေထုတ်မယ့်သူက ငွေကျပ်၃၀၀၀၀ကိုအာမခံကြေးပေးသွင်းရမှာဖြစ်ပါတယ်။

"အာမခံအတွက် တစ်ဧကကို ၃၀၀၀ ပေးရမယ်ပြောတယ်။ကျန်တာဘာမှမပြောဘူး၊ဆောင်းချေးငွေတုန်းက တစ်ထောင်ပဲပေးရတယ်၊အခုက ၃၀၀၀ ဆိုတော့ အဆင်မ​ပြေဘူး၊ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင်ဘာအာမခံမှမထားချင်ဘူး၊တခုခုပျက်စီးသွားလည်းသူတို့သတ်မှတ်ချက်ညီမှလျော်မှရမှာ " လို့ပဲခူးတိုင်းက စပါးစိုက်တောင်သူ ကိုမျိုးကပြောပါတယ်။

အာမခံစနစ်ကိုက ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံစနစ်ဖြစ်တာကြောင့်
မိုးရာသီက မိုးရွာသွန်းမှုများပြီး သီးနှံပျက်စီးမှုရာခိုင်နှုန်း များတဲ့အတွက် မိုးစပါး သီးနှံအာမခံကြေးကို ဆောင်းသီးနှံအာမခံကြေးထက် ၁ ရာခိုင်နှုန်း ပိုပြီးကောက်ခံရခြင်း ဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်း ကပြောပါတယ်။

ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံ အာမခံအကျုံးဝင်ကာလကို ကာလအပိုင်းခြားအနေနဲ့ ပထမကာလကို ဇူလိုင် ၁ရက်မှ ဩဂုတ်လကုန်အထိကိုသတ်မှတ်ပြီး ဒုတိယကာလကို စက်တင်ဘာ ၁ ရက်ကနေ အောက်တိုဘာလကုန်အထိသတ်မှတ်ကာ အခြေအနေစောင့်ကြည့်ဆုံးဖြတ်တယ်လို့သိရပါတယ်။

အဆိုပါကာလအတွင်းမှာ မိုးရေချိန်နည်းခြင်း၊များခြင်းပမာအပေါ် ကြည့်ပြီး ဆုံးဖြတ်သလို ရေကြီးနစ်မြုပ်ပြီးစပါး သီးနှံစိုက်ခင်းတွေပျက်စီးကြောင်း မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေးနှင့်‌ေမွးမြူရေးကြီးကြပ်ကော်မတီက ပျက်စီးသွားကြောင်းတင်ပြရင် လျော်ကြေးရရှိမှာဖြစ်တယ်လို့သိရပါတယ်။

မိုးရေချိန်သတ်မှတ်ရာမှာတော့ မြန်မာပြည်အထက်ပိုင်းက မိုးနည်းတတ်တဲ့သဘောရှိလို့ သတ်မှတ်မိုးရေချိန်ထက်နည်းပါက လျော်ကြေးရရှိမှာဖြစ်ပြီး မြန်မာပြည်အောက်ပိုင်းကတော့ မိုးများတဲ့သဘောရှိလို့ သတ်မှတ်ထားတဲ့မိုးရေချိန်ထက်များရင် လျော်ကြေးရရှိမှာဖြစ်တယ်လို့သိရပါတယ်။

လျော်ကြေးကတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ထုတ်ချေးထားတဲ့ ချေးငွေကိုတောင်သူမှပြန်ဆပ်စရာမလိုဘဲ မြန်မာ့အာခံကလျော်ကြေးအနေနဲ့ ပေးဆပ်မှာဖြစ်ပါတယ်။

" အဓိက ဒီအာမခံစနစ်က တောင်သူအတွက်လုပ်ပေးတာပါ၊အကျိုးအမြတ်ကြည့်ပြီးလုပ်တဲ့စနစ်မဟုတ်ပါဘူး၊လျော်ကြေးကတော့သတ်မှတ်ချက်နဲ့ညီရင်အကုန်လျော်ကြေးရမှာပါ၊ဒီတော့ လယ်သမားအားလုံးအာမခံထားမှအဆင်ပြေမှာပါ၊ အာမခံစနစ်ကိုက ရာသီဥတုအညွှန်းကိန်း မိုးရေချိန်ကိုပဲအဓိကကြည့်တာဖြစ်လို​့ သတ်မှတ်ပမာဏထက်နည်းတာများတာဆိုအကုန်လျော်ကြေးရမှာပါ၊နောက်တခုက မိုးများပြီးဆည်တွေလျှံလိုရေကြီးနစ်မြုပ်ပြီးစပါးခင်းတွေလုံးလုံးပျက်စီးသွားတယ်ဆိုတာကို နယ်မြေအဖွဲ့အစည်းကတင်ပြရင်လည်းလျော်ကြေးရမှာပါ" လို့ မြန်မာ့အာမခံလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မိုးစပါးသီးနှံ အာမခံစနစ်ကိုတော့ ခုမိုးစပါးစိုက်ပျိုးရာသီမှာတစ်နိုင်ငံလုံးအတိုင်းအတာ စတင်စမ်းသပ်ဆောင်ရွက်မှာဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း အာမခံကြေးထားမှသာ ငွေထုတ်ချေးပေးမယ်လို့အသိပေးမှုတွေရှိနေပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတော့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို လယ်တစ်ဧကအတွက် ၁၅၀၀၀၀ ကျပ်ထုတ်ချေးပြီး အများဆုံး လယ် ၁၀ ဧကသာထုတ်ချေးပေးတာဖြစ်ပါတယ်။

ခုနှစ်မှာတော့ မြန်မာတနိုင်ငံလုံးမှာ မိုးစပါးစိုက်ဧက ၁၁ သန်းကျော်လောက်စိုက်ပျိုးဖို့လျာထားတယ်လို့ ဝန်ကြီးဌာနသတင်းအချက်အလက်တွေအရသိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ