“သီးနှံပင်အပေါ်မူတည်၍ ရွက်ဖျန်းမြေဩဇာ အသုံးပြုသင့်သောအချိန်များ
အပင်၏ ဖွဲ့စည်းပုံ အနေအထားပေါ်မူတည်၍ ရွက်ဖျန်းမြေဩဇာများ သုံးစွဲသောအခါ ထိရောက်မှုမြင့်မားစေရန် ဂရုစိုက် ရမည့်အချက်များရှိပါသည်။ ၎င်းတို့မှာ အရွက် အနု/အရင့် ၊ သီးနှံပင် ကြီးထွားမှုအဆင့် ၊အရွက် မျက်နှာပြင် ၊အပင် အဝန်းဝိုင်း ၊အရွက်ပုံသဏ္ဍန် ၊အရွက်၏ သက်တမ်း တို့ကိုထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ သု့ိဖြစ်ပါ၍ အောက်ပါအချက်များကို မဖြစ်မနေထည့်သွင်းစဉ်းစားကြရမည်ဖြစ်ပါတယ်။
၁)အရွက်မှာ မနုလွန်း၊ မရင့်လွန်းဘဲ ကောင်းစွာကြီးထွားနေသောအရွက်များသာလျှင် ဖျန်းပက်အသုံးပြုလိုက်သော အာဟာရဓာတ်များကို ထိရောက်စွာ စုပ်ယူနိုင်ပါတယ်။
၂)ပင်ပိုင်းဆိုင်ရာကြီးထွားချိန် ထက် ပန်းပွင့်ချိန်၊ အသီးသီးချိန် များတွင် အပင်မှ အာဟာရပိုလိုပြီး အမြစ်ဖွံ့ဖြိုးမှုလဲ နည်းသွားသဖြင့် ရွက်ဖျန်းအားဆေးများပိုမိုသုံးစွဲသင့်ပါသည်။
၃) မြက်မျိုးရင်းကဲ့သို့သော အပင်များတွင် လေရှုပေါက်များသည် အပေါ်/အောက် မျှတစွာပါလေ့ရှိပါသည်။ သို့သော် ရွက်ပြန့်ပင်များနှင့် သစ်ပင်များတွင် အရွက်၏ လေရှုပေါက်များမှာ အရွက် အောက်မျက်နှာပြင်တွင် အများဆုံး ပါရှိသောကြောင့် အရွက် အောက်မျက်နှာပြင်ကိုပါ သေချာနှံ့စပ်စွာ ဖျန်းပေးသင့်ပါသည်။
၄) အပင်မှ အာဟာရဓါတ်များ ကောင်းစွာစုပ်ယူနိုင်စေရန် အတွက် အရွက်အရေအတွက်များများလိုအပ်ပါသည်။ ထို့ကြောင့် အပင် ပေါက်အရွယ် ၊ အရွက်များကောင်းစွာမထွက်ချိန်တွင်ဖျန်းခြင်းရှောင်သင့်ပါသည်။
၅) အရွက်ပုံစံမှာ ရိုးရိုးရှင်းရှင်းနှင့် တစ်ရွက်ထဲရှိသော အပင်များ (ဥပမာ – ပဲတီစိမ်း၊ မတ်ပဲ၊ သရက်၊ ဝါ၊ နှမ်း) သည် ရွက်ဖျန်းအားဆေးအား အနည်းငယ်သာတုန့်ပြန်မှုရှိသောကြောင့် ပြင်းအားမြင့်မြင့် ဖျန်းပေးရန် လိုအပ်ပါသည် (တစ်ဧက ဆေး ဖျန်းပုံး ၅ ပုံး)။ ကုလားပဲ၊ မြေပဲ ကဲ့သို့ အရွက်ရှိသောအပင်များတွင် ရွက်ဖျန်းအားဆေးကို တုံ့ပြန်မှုများသဖြင့် ပြင်းအားအနိမ့်အသုံးပြုခြင်းသည်ပိုကောင်းပါသည်။ (ဥပမာ – တစ်ဧက ရေ ၈ ပုံးမှ ၁၀ ပုံး)
ရွက်ဖျန်းမြေဩဇာ အသုံးပြုရာတွင် ဂရုစိုက်ရမည့် ဓါတုဗေဒဆိုင်ရာ အချက်များ
ရွက်ဖျန်းမြေဩဇာများအသုံးပြုရာတွင် ဓါတုဗေဒဆိုင်ရာအချက်များကိုလဲ မဖြစ်မနေဂရုစိုက်သင့်ပါသည်။ ထို့သို့ ဂရုစိုက်ခြင်းအားဖြင့် ဖျန်းလိုက်သော ရွက်ဖျန်းအားဆေးများ အလေ့အလွင့်နည်းစေပြီး အပင်မှ ပြည့်ပြည့်ဝဝရရှိကာ အထွက်တိုးမည်ဖြစ်ပါသည်။
ယေဘုယျအားဖြင့် အရွက်မျက်နှာပြင်အပေါ်ယံအလွှာတွင် ဓါတ်မဂုဏ်သတ္တိရှိသောကြောင့် ဓါတ်ဖိုဂုဏ်သတ္တိရှိသော အာဟာရများသည် ဓါတ်မဂုဏ်သတ္တိရှိသော အာဟာရများထက် ပိုမို လျှင်မြန်စွာစုပ်ယူခြင်း ခံရပါသည်။ ဥပမာ အားဖြင့် ပိုတက်စီယမ်ဓါတ် သည် ကယ်စီယမ်၊ မဂ္ဂနီစီယမ် တို့ထက် ရွက်လွှာအတွင်း ဝင်ရောက်နိုင်မှု ပိုမိုကောင်းမွန်ပါတယ်။
ပိုတက်စီယမ်၊ နိုက်ထရိုဂျင်၊ မဂ္ဂနီစီယမ်၊ ဖော့စဖိတ်၊ ဆာလဖာ၊ ဘိုရွန် ဓါတ်တိုသည် အစာကြော အတွင်း ကောင်းစွာလှုပ်ရှားသွားလာနိုင်သဖြင့် အရွက်ပေါ်သို့ ပုံမှန်ဖျန်းပေးခြင်းဖြင့် အပင်မှ အစာအာဟာရများ ရရှိ စေ နိုင်သော်လည်း သံဓါတ်၊ သွပ်ဓါတ်၊ ကြေးနီ နှင့် မိုလစ်ဒီနမ် ၊ ကယ်စီယမ်၊ မဂ္ဂနီစီယမ်တို့သည် အစာကြောအတွင်းပုံမှန်သာ သွား လာ နိုင်သဖြင့် အပင်တစ်ပင်လုံးအား နှံ့စပ်စွာဖျန်းပေးဖို့လိုပါသည်။
အသုံးပြုသည့် ရွက်ဖျန်းအားဆေးသည် ပျော်ဝင်မှုကောင်းမှသာလျှင် သီးနှံပင်မှလွယ်ကူစွာ စားသုံး နိုင် မည်ဖြစ်ပါသည်။ ထို့အပြင် ဆေးဖျန်းကိရိယာများ ပိတ်ဆို့ခြင်းကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်ပါသည် သီးနှံအဟာရများ၏လုပ်ဆောင်ချက်များ ပိုမိုကောင်းမွန်စေရန်နှင့် သီးနှံလောင်ကျွမ်းမှုများကိုရှောင်နိုင်ရန် အတွက် ဖျော်ရည်၏ ပြင်းအား နှင့် ချဉ်ငံကိန်းကိုလဲ ညှိရမည်ဖြစ်ပါသည်၊အကောင်းဆုံး ချဉ်ငံကိန်းမှာ PH 4.5-6 အတွင်းဖြစ်ပါသည်။
