မီးရှို့ထားသော စပါးခွံဖွဲပြာ၏ ကောင်းကျိုးများ
ယခု အချိန်ခါတွင် မြန်မာနိုင်ငံ၏ ဒေသတော်တော်များများတွင် စပါးများ ရိတ်သိမ်းပြီးနေကြပြီဖြစ်သည်။ စပါးခင်းများမှ ထွက်ရှိလာသော ကောက်ရိုးများအသုံးဝင်ပုံကို လွန်ခဲ့သော တစ်ပတ်က တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ စပါးစေ့များ ကြိတ်ခွဲပြီး ထွက်ရှိလာသော စပါးခွံများကို မီးရှို့အသုံးပြုခြင်းဖြင့် ရရှိလာနိုင်သော ကောင်းကျိုးများကို ဖော်ပြပေးသွားပါမည်။
မြန်မာနိုင်ငံ၏ဒေသအမျိုးမျိုးရှိ ဆန်စက်များတွင် စပါးစေ့များကြိတ်ခွဲပြီး ထွက်ရှိလာသည့် စပါးခွံများကို စွန့်ပစ်ပစ္စည်းအဖြစ် တွေ့မြင်နေရပါသည်။ အချို့ဒေသများတွင် ထမင်း၊ဟင်း ချက်ပြုတ်ရာတွင်သုံးစွဲကြသည်။ သို့သော် အသုံးပြုမှုနည်းပါသောကြောင့် စပါးခွံများလမ်းဘေး တွင် အလေ့အလွင့်ဖြစ်သည်ကို မြင်တွေ့နေရသည်မှာ နှမြောစရာ ကောင်းလှပါသည်။
စပါးခွံ၌ ရေတွင် မပျော်ဝင်လွယ်သော ဆီလီကာဓာတ်ပါဝင်ပြီး စပါးခွံ ကို မီးရှို့ ပေးမှသာလျှင် ၎င်းဆီလီကာဓာတ်သည် ရေတွင် ပျော်ဝင်နိုင်သောဆီလီကာဓာတ်အဖြစ်ပြောင်းလဲသွား၍ အပင်စုပ်ယူစားသုံးမှုအားကောင်းစေပါသည်။ ထို့ပြင် စပါးခွံမီးရှို့ခြင်းမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကို ပေါင်းခံခြင်းဖြင့် ထွက်ရှိလာသော အစေးများကို သဘာဝ ပိုးသတ်ဆေးအဖြစ်လည်းအသုံးပြုနိုင်ပါသည်။ စပါးခွံများကို လယ်ကွက်အတွင်း ဖြန့်ကျဲပြီး မီးရှို့ခြင်းထက် ဘောင်လိုက်သော်လည်းကောင်း၊ အပုံလိုက်သော်လည်းကောင်း မီးရှို့ပေးသင့်ပါသည်။ စပါးခွံမီးရှို့ခြင်းမှ ရရှိလာသော ဖွဲပြာတွင် ပိုတက်စီယမ်ဓာတ်များစွာပါဝင် ပါသည်။ စပါးခွံဖွဲပြာ အသုံးပြုပေးခြင်းဖြင့် မြေဆီလွှာအတွင်း လေဝင်လေထွက်ကောင်းပြီး အပင်၏အမြစ်ဖွံဖြိုးမှု ပိုမိုအားကောင်းစေပါသည်။
သို့ဖြစ်ပါ၍ ပိုတက်စီယမ်နှင့် ဆီလီကာသာမက အခြားသော အာဟာရဓာတ်များ ပါဝင်နေသည့် စပါးခွံများကို အလေ့အလွင့်မဖြစ်စေရန် စနစ်တကျ မီးရှို့၍ မိမိစိုက်ခင်းများတွင် သဘာဝမြေသြဇာအဖြစ် အသုံးပြု ပေးသင့်ပါသည်။
မြန်မာ့သြဘာ ကောမက်ဓာတ်မြေသြဇာ၏ ကျေးဇူးရှင်တောင်သူကြီးများ စိုက်ပျိုးရေးဗဟုသုတများ လေ့လာပြီး သီးနှံအထွက်တိုးကာ ဈေးကောင်းရနိုင်ကြပါစေခင်ဗျာ။
