ငရုတ် ကိုင်းခြောက်ပြီး ဘာကြောင့် ကျိုးကျတာလဲ?

ငရုတ်စိုက်တောင်သူဦးကြီးတို့အနေနဲ့
ယခုလို ငရုတ်စိုက်ရာသီမှာ ငရုတ်ပင်များ ထိပ်ဖျားများမှ ညိုမဲခြောက်ပြီး ကျိုးကျခြင်းများ အဖြစ်များတတ်ပါတယ်။
ငရုတ်မှာ ကိုင်းဖျားမဲခြောက်နိုင်တဲ့ အကြောင်းအရင်းများအနက် အဓိက အဖြစ်များတဲ့ အကြောင်းအရင်းကတော့ ငရုတ် အစိုပုပ်ရောဂါနှင့် ငရုတ် ကိုင်းဖျားခြောက်(မှည့်ပျောက်စွန်း) ရောဂါဖြစ်တာကို တွေ့ရပါတယ်။
ဒါကြောင့် ငရုတ်ကိုင်းခြောက်တဲ့အပေါ်မူတည်ပြီး မှန်ကန်သော ကုသနှိမ်နင်းနိုင်စေရန်အတွက် ရောဂါလက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။
ငရုတ်မှည့်ပြောက်စွန်း (ဖလံဖြူ) လို့လည်းခေါ်တဲ့ ကိုင်းဖျားခြောက်ရောဂါ

ငရုတ်ကိုင်းဖျားခြောက် ရောဂါသည် မျိုးစေ့ဆောင်မှိုရောဂါ တစ်မျိုးဖြစ်ပြီး မျိုးစေ့များမှတစ်ဆင့် ကူးစက်ပြန့်နှံ့ကာ အပင်ငယ်စင်မှ စတင်ပြီးအသီးပွင့်ဝင်ချိန် ထိကျနိုင်ပါသည်။

အသီးများတွင် ကျရောက်လျှင် မှည့်ပြောက်စွန်း ရောဂါဟုခေါ်ကြပါတယ်
(ပုံ)
ငရုတ်ပန်းပွင့်ချိန်နဲ့ အသီးသီးချိန်တွင် အဖြစ်များပြီး အထွက်နှုန်းသာမက အသီးအရည်အသွေးပါ ကျဆင်းစေပါသည်။
တွေ့ရှိရသော ရောဂါလက္ခဏာများ

အရွက်၊ ကိုင်းနှင့် အသီးပေါ်တွင် ကျရောက်ပြီး ငရုတ်အပွင့်တွင် ကျပါကအပွင့်ညှိုး၍ ငိုက်ကျလာပြီး တဖြည်းဖြည်းခြောက်ကာ ကြွေကျသွားသည်။
အပွင့်မှပွင့်ညှာကိုဖြတ်၍ ကိုင်းအထိကူးစက်ပါက ကိုင်းဖျားခြောက်ရောဂါဖြစ်စေသည်။
ကိုင်းဖျားမှ ကိုင်းခွအထိခြောက်ကာ ကိုင်းတစ်ခြမ်း (သို့) တစ်ကိုင်းလုံးခြောက်သွားနိုင်သည်။
ရင့်မှည့်သည့်အသီးပေါ်တွင် ဦးစွာရေစိုနာကွက်ဖြစ်၍ တဖြည်းဖြည်းကျယ်ပြန့်လာကာ နီညိုရောင်ပြောင်းသွားသည်။
အနာကွက်ပေါ်တွင် အဖုငယ်များကိုစက်ဝိုင်းပုံအရစ်များအဖြစ်တွေ့ရပြီး ရောဂါပြင်းထန်ပါက အသီးအတွင်းပိုင်း တွန့်ရှုံ့နေမည်ဖြစ်သည်။
ထို့အပြင်အရွက်ပေါ်တွင် မီးခိုးရောင်အကွက်ငယ်ပေါ်လာပြီး အနာကွက်ကျယ်ပြန့်လာခြင်းကြောင့် အရွက်ခြောက်သည့်ဧရိယာကျယ်ပြန့်လာသည်။
ငရုတ် ဖလံဖြူရောဂါ (ကိုင်းဖျားခြောက်ရောဂါ) ဖြစ်ပါက ဆုံးရှုံးမှု ၃၀-၅၀% ထိရှိနိုင်ပြီး ပိသာချိန်အခြောက် ၁၆၀-၃၀၀ ပိသာထိ ဆုံးရှုံးရလေ့ရှိပါသည်။
ကာကွယ်ကုသနည်း
  • ရောဂါကင်းသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးပါ။
  • ပုလဲမြေသြဇာသီးသန့်ကျွေးခြင်း၊ အပင်ကြီးထွားမြန် ‌ဟော်မုန်းဆေးများဖျန်းခြင်းအား ရောဂါရှိနေစဉ်သုံးခြင်းရှောင်ပါ။
  • ပိုတက်အချိုးမြင့်သော မြေသြဇာကို ကျွေးပေးပါ။
  • ပေါင်းပင်များသည်ရောဂါလက်ခံပင်ဖြစ်နိုင်သဖြင့် ပေါင်းရှင်းထားဖို့လိုပါသည်။
နောက်ထပ် တွေ့ရှိရတဲ့ ရောဂါတစ်မျိုးကတော့ ငရုတ် အစိုပုပ်ရောဂါဖြစ်ပါတယ်
Choanephora Blight (Wet Rot) လို့ခေါ်ပြီး Choanephora cucurbitarum ကြောင့် ဖြစ်ရခြင်း ဖြစ်ပါတယ်။
တွေ့ရှိရတဲ့ ရောဂါလက္ခဏာများ
အသီး၊ အပွင့်၊ အပင်အပေါ်ပိုင်းအညွန့်တွေမှာ ရောဂါလက္ခဏာအများစုကို တွေ့ရပါတယ်
အစောပိုင်းအဆင့်မှာ အပင်အပေါ်ပိုင်းအညွန့်၊ အရွက်၊ အသီး၊ အပွင့် တွေမှာ ရေစိုနာ ကွက်တွေဖြစ်လာပြီး ခြောက်သွားပါတယ်
နောက်ပိုင်းမှာ ရောဂါအောက်ထိရောက်သွား၍ ပင်စည်ပေါ်တွင် အညိုရောင်မှ အနက်ရောင် အကွက်တွေဖြစ်ကာ ကိုင်းခြောက်ပြီး ကျိုးကျသွားတတ်ပါတယ်
အနာကွက်တွေပေါ်မှာ မီးခိုးနက်ရောင် မှိုမျှင်တွေဖြစ်ပေါ်လာပြီး မှိုမျှင်ထိပ်တွင် အမဲရောင် မှိုစပိုးများကိုတွေ့နိုင်ပါတယ်
အသီးများတွင် အနက်ရောင်ပျော့ပုပ်ဖြစ်လာပြီး ၂၄-၂၈ နာရီအတွင်း အသီးပုပ်သွားနိုင်ပါတယ်
မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ အစိုမြင့်မားခြင်း နှင့် အပူချိန်မြင့်မားခြင်းတွေက မှိုစပိုး ပွားခြင်းနှင့် ရောဂါ ကူးစပ်ခြင်းကို ဖြစ်စေတတ်ပါတယ်
ရောဂါဖြစ်စေတဲ့မှိုဟာ သီးနှံအကြွင်းအကျန် တွေမှာရှင်သန်နိုင်ပြီး စိုက်ပျိုးရေးသုံးကိရိယာများ၊ ပိုး၊ ရေ နှင့် လေမှ တစ်ဆင့်ကူးစက်နိုင်တဲ့အတွက် ဂရုစိုက်ရမှာဖြစ်ပါတယ်
ကာကွယ်နှိမ်နင်းနည်း
  • စိုက်ခင်းအတွင်း ရောဂါရှိမရှိအမြဲစစ်ဆေးနေပြီး စတွေ့တာနှင့်ဖယ်ရှားပစ်ရမည်။
  • စိုက်ခင်းအတွင်းနှင့် စိုက်ခင်းဘေး ပေါင်းရှင်းရမည်။
  • ရေသွင်းရေထုတ်လွယ်ကူအောင်လုပ်ထားရမည် ။
  • ရေကိုလိုတာထက်ပိုမသွင်းရ၊ ရောဂါဖြစ်နေချိန်မှာ ရေမသွင်းပေးရ။
  • နိုက်ထရိုဂျင်မြေဩဇာကို လိုအပ်တာထက်ပိုမသုံးရပါ။
ဒီရောဂါနှစ်မျိုးစလုံးဟာ ငရုတ်သီးရဲ့ အရည်အသွေး / ရောင်းတန်းဝင်မှုနဲ့ အထွက်နှုန်းကို ထိခိုက်နိုင်တာကြောင့်ငရုတ်စိုက် တောင်သူဦးကြီးတို့အနေ
နဲ့ အထူးသတိပြုပြီး စိုက်ခင်းကို စောင့်ကြပ်စစ်ဆေးရမှာဖြစ်ပါတယ်။ ဒီရောဂါဟာ ယခင်နှစ်ကရောဂါကျရောက်ဖူးခဲ့တဲ့ စိုက်ခင်းွ
တွေမှာလည်း ထပ်တလဲလဲ ပြန်လည်ကျရောက်နိုင်လို့ ကြိုတင်ကာကွယ်နိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်
သီးနှံစိုက်ခင်းတွင် မှိုရောဂါများ ဖြစ်ပွားနေပါက အသေးစိတ်သိရှိနိုင်ရန် Myanma Awba  Facebook Pageမှာ အခုပဲ လာရောက်
မေးမြန်းနိုင်ပါတယ်။