စူပါအယ်လ်နီညို ရာသီဥတုတွင် တောင်သူများ ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ
တောင်သူဦးကြီးတို့အနေနဲ့ မိုးလေဝသသတင်းတွေမှာ ပညာရှင်တွေ ပြောနေကျ “အယ်နီညိုရာသီဥတု” ဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ ကျွန်တော်တို့လို စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြသူများအတွက် မိုးလေဝသဟာ အရေးကြီးလှပါတယ်။ ဘာကြောင့်ပါလဲဆိုရင် ထိန်းချုပ်အစိုးမရနိုင်တဲ့ သဘာဝတရားကြီးကို မှီခိုပြီး သီးနှံတွေ စိုက်ပျိုးရလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်လို စူပါအယ်နီညို ဖြစ်နိုင်ချေရှိတဲ့ ရာသီဥတုအတွက် ကျွန်တော်တို့ရဲ့ စိုက်ပျိုးသီးနှံနဲ့ စိုက်ပျိုးမြေတွေ မထိခိုက်အောင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
အယ်နီညိုဆိုတာ ဘာလဲ?
စပိန်ဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး အယ်နီညို (El Niño) ဆိုတာ “လူငယ်ကောင်လေး” လို့ အဓိပ္ပာယ်ရပါတယ်။ ရှေးက ပီရူးနိုင်ငံရဲ့ ရေလုပ်သားတွေက ပင်လယ်ပြင် ဖြစ်ပျက်ပြောင်းလဲမှုအတွက် အစွဲပြုပြီး ခေါ်ဝေါ်ရာမှ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေက ဆက်လက် ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အယ်နီညိုဖြစ်ရင် ဘာတွေဖြစ်လာမလဲ?
အယ်နီညိုဖြစ်ပေါ်လာတဲ့အခါ ကမ္ဘာတစ်ဝန်းမှာ အောက်ပါ ရာသီဥတု ဖောက်ပြန်မှုတွေကို ဖြစ်ပေါ်စေပါတယ် –
-
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၊ ဩစတြေးလျနဲ့ အိန္ဒိယနိုင်ငံတွေမှာ မိုးရွာသွန်းမှု လျော့နည်းသွားပြီး၊ အပူချိန်လွန်ကဲတာ၊ မိုးခေါင်ရေရှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။
-
ဆန့်ကျင်ဘက်အနေနဲ့ တောင်အမေရိကတိုက် (ဥပမာ- ပီရူး၊ အီကွေဒေါ) လို နေရာတွေမှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။
စူပါအယ်နီညို (Super El Niño) နှင့် စိုက်ပျိုးရေး
လက်ရှိမှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူချိန်တွေက ပုံမှန်ထက် မြင့်တက်နေနှင့်ပြီးသား ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် နွေရာသီမှာ အယ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ မြို့ခြောက်မြို့ဟာ ကမ္ဘာ့ စံချိန်တင် အပူချိန်လွန်ကဲမှုတွေ ဖြစ်ပေါ်ခဲ့တာကို သိရှိပြီးသား ဖြစ်မှာပါ။ ဒီနှစ်မှာတော့ အယ်နီညိုထက် ပိုမိုပြင်းထန်တဲ့ “စူပါအယ်နီညို (Super El Niño)” ရာသီဥတုဖြစ်စဉ်သာ ထပ်မံဝင်ရောက်လာနိုင်ခြေ ရှိနေပါတယ်။
မုတ်သုံအထွက်စောခြင်းနှင့် သီးနှံထိခိုက်မှု
အယ်နီညိုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးတစ်ခုကတော့ “မုတ်သုံအထွက်စောခြင်း” ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် မိုးရာသီက အောက်တိုဘာလလယ်လောက်အထိ တာရှည်လေ့ရှိပေမယ့် အယ်နီညိုနှစ်တွေမှာတော့ စက်တင်ဘာလလယ် ဒါမှမဟုတ် လကုန်ပိုင်းလောက်မှာတင် မိုးကုန်သွားတတ်ပါတယ်။
-
ကျွန်တော်တို့ဆီမှာ စိုက်ပျိုးတဲ့ မိုးစပါးနဲ့ မိုးသီးနှံအများစုဟာ အောက်တိုဘာလအထိ ရိတ်သိမ်းဆဲ ဖြစ်ပါတယ်။
-
ဒီလိုအခြေအနေမျိုးမှာ မုတ်သုန်ထွက်တာ စောတဲ့အတွက် သီးနှံတွေ အောင်စေ့မဖြစ်ဘဲ အဖျင်းအမှော်တွေ များကုန်ပြီး တစ်သီးတစ်ပွင့် စိုက်ပျိုးထုတ်လုပ်မှု စနစ်တစ်ခုလုံး ထိခိုက်ပျက်စီးနိုင်ပါတယ်။
-
မိုးစောစောကုန်သွားတဲ့အတွက် မြေဆီလွှာထဲမှာ ကျန်ရမယ့် အစိုဓာတ် (Soil Moisture) က မြန်မြန်ခမ်းခြောက်သွားပါတယ်။ ဒါဟာ မိုးအကုန်မှာ ဆက်စိုက်ရမယ့် ဆောင်းသီးနှံ စိုက်ပျိုးမယ့် တောင်သူတွေအတွက် မြေပြင်ဖို့ ခက်ခဲစေပြီး သီးနှံဖြစ်ထွန်းဖို့အတွက် ရေလိုအပ်ချက် များပြားစေပါတယ်။
အယ်နီညို စက်ဝန်းနှင့် ကမ္ဘာကြီးပူနွေးလာမှု
ပစိဖိတ်သမုဒ္ဒရာရဲ့ ရာသီဥတုစနစ်ဟာ အမြဲတမ်း ငြိမ်မနေဘဲ အယ်နီညို >>> လာနီညာ >>> ပုံမှန် ဆိုပြီး ချိန်သီးတစ်ခုလို လွှဲနေတတ်ပါတယ်။ ဒါကို ENSO (El Niño-Southern Oscillation) စက်ဝန်းလို့ ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရာသီဥတု ဖြစ်စဉ်တွေက အနားမပေးတော့ဘဲ အယ်နီညိုဖြစ်တဲ့ အကြိမ်ရေတွေ စိပ်လာတဲ့အတွက် လူ့ဘဝတွေ ထပ်ခါတလဲလဲ ခက်ခဲရပါတယ်။
အဖြေကတော့ Global warming လို့ခေါ်တဲ့ ကမ္ဘာကြီး ပိုပူနွေးလာမှုကြောင့် ဖြစ်ပါတယ်။ သမုဒ္ဒရာကြီးတွေက ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ အပူချိန်တွေကို နှစ်ပေါင်းများစွာ စုပ်ယူထားခဲ့ရတဲ့အတွက် အခြေခံအပူချိန် မြင့်တက်နေပြီး အယ်နီညိုဖြစ်စဉ် စတင်တာနဲ့ အပူချိန်တွေက လေထုထဲကို ပေါက်ကွဲထွက်လာပါတော့တယ်။
နောင်လာမည့် အခြေအနေ ခန့်မှန်းချက်
-
လက်ရှိ ၂၀၂၆ ခုနှစ်ကို ဒုတိယ သို့မဟုတ် တတိယ အပူဆုံးနှစ်အဖြစ် ဖြတ်ကျော်ရနိုင်ပြီး “၂၀၂၇ ခုနှစ်ဟာ ရာစုနှစ်တစ်ခုအတွင်း အားအပြင်းဆုံး စူပါအယ်နီညို (Once-in-a-century Super El Niño)” ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
နိဂုံးချုပ်
အဆိုးထဲက ကောင်းတာတစ်ခုကတော့ အရင်လို မသိဘဲ တန်းကြုံရတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့မှာ ကြိုတင်သတင်းလည်းရ၊ ပြင်ဆင်ဖို့ အချိန်လည်း ရှိနေပါသေးတယ်။ “သဘာဝတရားကို ပဲ့ကိုင်လို့မရပေမယ့် သဘာဝတရားကြီးကတော့ ကျွန်တော်တို့ လူသားတွေကံကြမ္မာကို ပြောင်းလဲနိုင်ပါတယ်။”
ဒါကြောင့် အပူဒဏ်၊ မိုးခေါင်ဒဏ်နဲ့ မိုးအထွက်စောမယ့် ဘေးအန္တရာယ်တွေအတွက် ကိုယ်စီကိုယ်ငှ ကြိုတင်ပြင်ဆင်ထားနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။
[တိုက်တွန်းချက်] နောက်အပတ်များမှာလည်း အယ်လ်နီညိုရာသီဥတုနဲ့ ကိုက်ညီတဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ၊ ဗဟုသုတတွေကို ဆက်လက် မျှဝေသွားမှာ ဖြစ်လို့ Myanma Awba – Comet Fertilizer Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။
