ပဲသီးနှံများတွင် လှေးပိုး ထိန်းချုပ်ရေး- သိရှိထားသင့်တဲ့ အချက်များ
ပဲတီစိမ်းနဲ့ မတ်ပဲစိုက်ပျိုးတဲ့ တောင်သူဦးကြီးများ ခင်ဗျာ။ ကျွန်တော်တို့ရဲ့ ပဲခင်းတွေမှာ အဓိကပြဿနာဖြစ်တဲ့ လှေး (Thrips) ပိုးတွေကို ဘယ်လို စနစ်တကျ ကာကွယ်နှိမ်နင်းရမလဲဆိုတာကို Myanma Awba ရဲ့ လမ်းညွှန်ချက်တွေနဲ့ ရှင်းပြပေးပါရစေခင်ဗျာ
လှေးပိုး၏ ဘဝစက်ဝန်းနဲ့ ဆေးယဉ်ပါးမှုပြဿနာ
- လှေးပိုးဟာ အပူပိုင်းနဲ့ ပူနွေးတဲ့ ရာသီဥတုမှာ အလွန်လျင်မြန်စွာ မျိုးပွားနိုင်ပါတယ်။
- လှေး၏ ဘဝစက်ဝန်းမှာ ပုံမှန်အားဖြင့် ၂၂ရက်ထိ ရှိသည်။သက်ကြီးကောင်သည် တစ်လထိ အသက်ရှင်နိုင်ပါတယ်။
- အရွယ်ရောက်ပြီး လှေးမတစ်ကောင်ဟာ ဥပေါင်း ၈၀ လောက်အထိ ဥချနိုင်ပြီး ဥကနေ အရွယ်ရောက်ဖို့ ရက် ၂၀ ခန့်သာ ကြာမြင့်ပါတယ်။
- လျင်မြန်တဲ့ မျိုးပွားနှုန်းကြောင့် စိုက်ခင်းတစ်ခုလုံးကို အချိန်တိုအတွင်း ပျံ့နှံ့နိုင်ပါတယ်။
- အပင်ရဲ့ ပင်စည်၊ အရွက်၊ အပွင့်နဲ့ အသီးတွေကို ပင်ရည်စုပ်ယူ စားသောက်တာကြောင့် အပင်တွေဟာ ညှိုးနွမ်းပြီး အထွက်နှုန်းကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။
- တောင်သူတွေအနေနဲ့ တူညီတဲ့ ပိုးသတ်ဆေးကိုပဲ ထပ်ခါတလဲလဲ သုံးစွဲနေမယ်ဆိုရင် လှေးပိုးတွေဟာ ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာပြီး နောက်ပိုင်းမှာ ဆေးဖြန်းပေမယ့် မသေတဲ့ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။
ရောဂါလက္ခဏာများ
လှေးပိုးသည် ပဲတီစိမ်းတွင် အပင်ကြီးထွားဆဲ အပင်အညွန့်ထိပ်ပိုင်းများထွက်ချိန် (သို့) ပန်းဖူးချိန်များတွင် ကျရောက်တတ်သည်။
အရွက်များကို နေရောင်အောက်မှာ ထောင်ကြည့်လိုက်လို့ ငွေရောင်အစင်းကြောင်းတွေကို တွေ့ရပြီဆိုရင် ပဲခင်းထဲမှာ လှေးပိုးကျရောက်နေပြီဖြစ်ပါတယ်။
လှေးကျပါက ပဲရွက်များ အပေါ်ဘက်သို့ လိပ်လာပြီး ရှုံ့တွလာပါသည်။လှေးသည် ဗိုင်းရပ်ပိုးသယ်ဆောင်နိုင်သော Yirus Vector ဖြစ်တဲ့အတွက် သတိထားရမယ့်ပိုးဖြစ်ပါတယ်။
လှေးပိုးကို ထိရောက်စွာ ကာကွယ်နှိမ်နင်းခြင်း (IPM)
လှေးပိုးဒဏ်ကနေ ကာကွယ်ဖို့အတွက် ဓာတုဆေးတွေကိုပဲ အားကိုးမယ့်အစား ဘက်ပေါင်းစုံကာကွယ်နည်းစနစ် (Integrated Pest Management – IPM) ကို ကျင့်သုံးဖို့ လိုအပ်ပါတယ်။
- စိုက်ခင်းနဲ့ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်၊ မြက်ပင်နဲ့ အပင်အကြွင်းအကျန်တွေကို ရှင်းလင်းပါ။
- အခြားသော ပဲစိုက်ခင်းများနှင့် တစ်ချိန်တည်း စိုက်ပျိုးပါ။
- ပဲစိုက်ပြီး ပထမရက် ၃၀ အတွင်း စိုက်ခင်းကို ပုံမှန် လိုက်လံစစ်ဆေးပါ။
- လက်ကို ရေဆွတ်ပြီး ပဲပင်အရွက် ထိပ်ပိုင်းကို ကိုင်ကြည့်ပါ။ လက်ပေါ်မှာ လှေးပိုး ၁၀ ကောင်ကနေ ၂၀ အထိ ပါလာပါက ဆေးဖျန်းနိုင်သည်။
ဓာတုဆေးဝါးသုံးစွဲ ထိန်းချုပ်ခြင်း
- ဓာတုပိုးသတ်ဆေးတွေကို လိုအပ်မှသာ သုံးစွဲပြီး အညွှန်းပါ လမ်းညွှန်ချက်အတိုင်း စနစ်တကျ လိုက်နာရပါမယ်။
- Myanma Awba မှ ထုတ်လုပ်ထားသော ထိရောက်တဲ့ ဆေးတွေကို ရွေးချယ်၍ဆေးယဉ်ပါးမှု မဖြစ်စေရန် ပိုးသတ်ဆေးအုပ်စု လှည့်ပြီး အသုံးပြုရန် အကြံပြုလိုပါသည်။
- လှေးပိုးအတွက် အကောင်းဆုံး ဆေးအုပ်စုများ:
Fipronil (ဥပမာ- တော်ပီဒို)
Spinetoram (ဥပမာ- အန်ဂျူးဝါး)
Spinosad ( ဥပမာ – ဘာမထီ )
ရောစပ်ပြီး သုံးစွဲနိုင်သော ဆေးများ:
Acetamiprid 20% + Lambda-cyhalothrin 5% WP
Deltamethrin 5% + Emamectin Benzoate 5% EC,
Myanma Awba ရဲ့ ထုတ်ကုန်များကိုလည်း ပိုးအမျိုးအစားနဲ့ အသုံးပြုပုံကို စိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်ပြီး ရောစပ်အသုံးပြုနိုင်ပါသည်။
အထူးသတိပြုရမယ့်အချက်:
ပိုးသတ်ဆေးတွေမှာ MRL (ဓာတ်ကြွင်းပမာဏ) ကန့်သတ်ချက် ရှိပြီး PHI (ရိတ်သိမ်းချိန်မတိုင်မီ နောက်ဆုံးဆေးဖြန်းရမည့်ရက်) ကို သေချာလိုက်နာမှ ဓာတ်ကြွင်းကင်းစင်တဲ့ ပဲတွေ ရရှိမှာပါ။
တောင်သူတွေရဲ့ အလေ့အထမှားဖြစ်တဲ့ ဆေးအမျိုးမျိုး ရောသုံးခြင်း၊ ထပ်ခါထပ်ခါ ဖျန်းခြင်း နဲ့ တရားမဝင်ဆေးများ သုံးစွဲခြင်း ကို ရှောင်ရှားပါ။ ဒီလိုလုပ်ခြင်းဟာ ဓာတ်ကြွင်းကို တိုးပွားစေပြီး ပဲရဲ့ဈေးကွက်တန်ဖိုးကို ထိခိုက်စေပါတယ်။
Myanma Awba ရဲ့ ပိုးသတ်ဆေး ထုတ်ကုန်တွေဟာ PHI နဲ့ MRL စံချိန်စံညွှန်းတွေကို အဓိကထားပြီး ထုတ်လုပ်ထားတာဖြစ်လို့ တောင်သူတွေ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
သီးနှံအထွက်တိုးဖို့နဲ့ ဈေးကွက်ဝင် ပဲတွေ ရရှိဖို့အတွက် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို မှန်ကန်စွာ အသုံးပြုဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။
