မြေပဲ ရွက်လိပ်ရွက်ကပ်ပိုး
မြေပဲ ရွက်လိပ်ရွက်ကပ်ပိုး တွင် ဘဝအဆင့်လေးခုရှိသည်။ အကောင်ကြီးဘဝ (ဖလံ)၊ ဥဘဝ၊ လောက်ကောင်ဘဝ၊ ရုပ်ဖုံးဘဝ ဖြစ်ပါသည်။ အပင်ကိုဖျက်ဆီးသောအရွယ်သည် လောက်ကောင်ဘဝဖြစ်သည်။
ဖလံအမများသည် မိတ်လိုက်ပြီး မြေပဲရွက်ပေါ်တွင် ဥများအုချပါသည်။ ဥများသည် အလွန်သေးငယ်ပြီး အဖြူရောင်ရှိသည်။ ဥမှ အကောင်ပေါက်လာပြီး လောက်ကောင်များသည် အရွက်အတွင်းသားသို့ ထွင်းဝင်သွားပြီး အတွင်းရှိ အစိမ်းရောင်အသားကို ခြစ်စားပြီးနေပါသည်။ အရွက်အတွင်းသားကို ခြစ်စားသောကြောင့် အရွက်တွင် တစ်သျှူးများမရှိတော့ဘဲ လိုဏ်ခေါင်းသဖွယ်ဖြစ်နေသည်ကို တွေ့ရပါသည်။
ထွင်းပြီးခြစ်စားခံရသောအရွက်များသည် တစ်ဖြည်းဖြည်းခြောက်သွားသည်ကို တွေ့ရပါသည်။ လောက်ကောင်များသည် အရွက်အတွင်းစားသောက်ပြီး တစ်ပတ်ခန့်အကြာတွင် အပြင်သို့ထွက်လာကြသည်။
အရွက်ငယ်နှစ်ရွက်ကို ပါးစပ်ကထုတ်သော ချည်မျှင်နှင့် ရစ်ပတ်ထွေးပြီး ရွက်လိပ်ဖြစ်သွားပါသည်။ လောက်ကောင်များသည် ရွက်လိပ်အတွင်းတွင်နေထိုင်ပြီး တစ်သျှူးများကိုခြစ်ပြီးစားသောက်သဖြင့်အရွက်များခြောက်ပြီး သေသွားပါသည်။
အရွက်အတွင်းတွင်လိပ်ပြီးနေရင်း ရုပ်ဖုံးဘဝကိုပြောင်းသွားပြီး ခိုအောင်းနေထိုင်ကာ ရုပ်ဖုံးဘဝပြောင်းပြီးပါက ဖလံပျံထွက်လာခြင်းဖြစ်သည်။
ပိုးကို ကာကွယ်နှိမ်နင်းရန် ကာဘာရိုင်း၊ ကာဘိုဖျူရန်၊ အိုလ်ဆိုဖန်ဆော့၊ ဖိုရိတ်ပိုးသတ်ဆေးများကို ဆေးညွှန်းအတိုင်း ပက်ဖျန်းပေးပါက ပိုထိရောက်စေပါသည်။ ဒါ့ကြောင့် မြေပဲပင်နှင့် ရွက်လိပ်ရွက်ကပ်ပိုးသည် ဖွားဘက်တော်ဖြစ်သဖြင့် အထူးဂရုပြုကြပါရန် အကြံပေးလိုက်ပါသည်။
