၁။ သီးနှံမျိုးစုံတွင် စိုက်ပျိုးပြီး တစ်လသားအတွင်း ပေါင်းမြက်မနှိမ်နင်းနိုင်ပါက သီးနှံအထွက် ၅၀% ထိ လျော့နည်းစေပါသည်။
၂။ စိုက်ပျိုးထားသော သီးနှံတွင် ပေါက်ရောက်သော ပေါင်းပင်အမျိုးအစားနှင့် ကိုက်ညီသည့် ပေါင်းသတ်ဆေးကို စနစ်တကျ ရွေးချယ်သုံးစွဲတတ်ရန်မှာ အရေးကြီးသည်။ မှားယွင်း ရွေးချယ်မိပါက စိုက်ပျိုးထားသော သီးနှံပင်များ လောင်ကျွမ်း ပျက်စီးဆုံးရှုံးနိုင်သောကြောင့်ဖြစ်သည်။
၃။ ပေါင်းသတ်ဆေးများကို သတ်မှတ်ထားသော တစ်ဧက ဆေးနှုန်းထား၊ ဆေးတစ်ပုံးနှုန်းထားများကိုသာ အသုံးပြုရမည်။ ပိုမိုသုံးစွဲမိပါက သီးနှံပင် လောင်ကျွမ်းမှုဖြစ်နိုင်သည်။
၄။ ပေါင်းသတ်ဆေးမဖျန်းမီ စိုက်ခင်းအတွင်း ရေထုတ်ခြင်း၊ ဆေးဖျန်းပြီးနောက် ၄ - ၅ ရက် ကြာမှ ရေပြန်သွင်းခြင်းကို သေချာစွာ ပြုလုပ်ရမည်။
၅။ ပေါင်းသတ်ဆေးများ ဖျော်စပ်ရာတွင် သန့်ရှင်းကြည်လင်၍ ရွံ့၊ နွံ၊ နုံး အနယ်အမှုန်များ ကင်းစင်သော ရေကို အသုံးပြုသင့်သည်။
၆။ ပေါင်းသတ်ဆေးမဖျန်းမီ (၇) ရက်နှင့် ဆေးဖျန်းပြီး (၇) ရက်အတွင်း ဓာတ်မြေသြဇာ ကျွေးခြင်း၊ အပင်အားဆေး ဖျန်းခြင်းကို ရှောင်ရမည်။
၇။ ဆေးအာနိသင် ထိရောက်စေရန် တွယ်ကပ်ပြန့်နှံ့ဆေး (ဝမ်းဒါး) နှင့် တွဲဖက်သုံးသင့်သည်။
၈။ ပေါင်းသတ်ဆေးဗူးပေါ်တွင် ဖော်ပြထားသော အညွှန်းစာသားများကို သေချာ ဖတ်ရှု့လေ့လာပြီးအသုံးပြုရန်မှာ အထူးအရေးကြီးသော အချက်ဖြစ်ပါသည်။
၉။ ပေါင်းသတ်ဆေးအသုံးပြုထားသော ဆေးဖျန်းပုံးနှင့် အခြား မှိုဆေး၊ ပိုးသတ်ဆေး၊ ရွက်ဖျန်းအားဆေး အသုံးပြုသော ဆေးဖျန်းပုံးများကို ခွဲခြားထားရန်မှာ အရေးကြီးဆုံးဖြစ်သည်။