မြေဩဇာလောင်ခြင်း(fertilizer-burn) ဖြစ်ပွားပါက လုပ်ဆောင်ရမည့် ကာကွယ်ကုသနည်း (၅)ချက်
သီးနှံပင်တွေ စိုက်ပျိုးရာမှာ တောင်သူဦးကြီးတို့အနေနဲ့ အထွက်နှုန်းတိုးစေဖို့၊ အပင်လှစေဖို့၊ အသီးအပွင့်ဝေဆာစေဖို့ အားရှိစေဖို့ မြေဩဇာတွေ ကျွေးကြပါတယ်။သို့သော်လည်း တန်ဆေးလွန်ဘေး ဆိုသလိုဘဲ လိုအပ်တာထက် ပိုကျွေးမိတဲ့အခါ အပင်ဟာ မြေဩဇာလောင်ခြင်း (Fertilizer Burn) ဖြစ်တတ်ပါတယ်။
မြေဩဇာလောင်ခြင်း (Fertilizer Burn) ဆိုတာ အပင်တွေမှာ မြေဩဇာ အလွန်အကျွံ သုံးမိခြင်း သို့မဟုတ် အသုံးချမှု မှားယွင်းခြင်းကြောင့် အမြစ်နှင့် အရွက်များ ထိခိုက်ပျက်စီးခြင်းကို ခေါ်ဆိုပါတယ်/ တစ်နည်းအားဖြင့် မြေကြီးထဲမှာ ဓာတ်ဆားတွေ စုပုံလာတဲ့အတွက် Osmotic potential အရ မြေကြီးက အပင်ထဲမှာရှိတဲ့ ရေတွေကို ပြန်လည်စုပ်ယူလိုက်ပါတယ်။ဒီလို လုပ်ဆောင်လိုက်တဲ့အတွက် အပင်ကိုင်းဖျားနဲ့အရွက်တွေ ခြောက်သွေ့လာတာဖြစ်ပါတယ်။
မြေဩဇာလောင်ခြင်း(fertilizer-burn) ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းများကတော့
- မြေဩဇာကို သတ်မှတ်ထားသော ပမာဏထက် အဆမတန် ပိုမိုသုံးစွဲမိခြင်း
- ဓာတ်မြေဩဇာများကို သီးနှံပင်ခြေနှင့် အလွန်ကပ်၍ ကြဲချခြင်း
- မြေဩဇာကျွေးပြီးနောက် ရေလုံလောက်စွာ မပေးနိုင်ခြင်း
- နိုက်ထရိုဂျင် (N) နှင့် ဆားဓာတ် မြင့်မားသော မြေဩဇာများကို အလွန်ပူပြင်းသည့် အချိန်တွင် အသုံးပြုခြင်း
မြေဩဇာလောင်ခြင်း၏ အဓိက လက္ခဏာများ (fertilizer-burn)
- အရွက်ဖျားနှင့် အရွက်စွန်းများ ညိုမည်းလာခြင်း (Scorch/Tip burn)
- အပင်ငယ်များ ရုတ်တရက် ညှိုးနွမ်း၍ သေဆုံးသွားခြင်း
- အရွက်များ အဝါရောင်ပြောင်းကာ ကြွေကျခြင်း
- အပင်ကြီးထွားမှု့ တန့်သွားခြင်း
- အလွန်ဆိုးရွားပါက မြေဆီလွှာ မျက်နှာပြင်တွင် အဖြူရောင် ဆားအလွှာလေးများ ဖုံးလာခြင်း
- အမြစ်များ ရေဓာတ်ခန်းခြောက်ကာ အညိုရောင်ပြောင်း၍ ပုပ်သွားခြင်းတို့ ဖြစ်ပါသည်။
ကာကွယ်ကုသသည့် နည်းလမ်းများ
-
ရေသွင်းခြင်း
မြေဩဇာ အလွန်အကျွံ မိပါက ရေများများလောင်းချရပါမည်။မြေကြီးထဲရှိ ပိုလျှံနေသော မြေဩဇာများ အခြားနေရာသို့ စီးဆင်းသွားသည်အထိ လောင်းရပါမည်။
-
ကိုင်းဖြတ်ခြင်း
မြေဩဇာလောင်သော အပင်တွင် ကိုင်းအခြောက်များရှိပါက ဖယ်ရှားရပါမည်
-
ပမာဏအချိုးအဆမှန်ကန်စွာ အသုံးချခြင်း
နားလည်တတ်ကျွမ်းသူ၏ ညွှန်ကြားချက်အတိုင်း သုံးစွဲပါ။ အကြိမ်ရေဖြင့် ခွဲကျွေးပါ။( ဥပမာ- ယူရီးယားကဲ့သို့ မြေဩဇာများကို တခါတည်းမကျွေးဘဲ အကြိမ်ကြိမ်ခွဲကျွေးသင့်ပါသည်)
-
အပင်နှင့် ခွာ၍ကျွေးခြင်း
အပင်ခြေရင်းနှင့် အနည်းဆုံး ၃ လက်မမှ ၆ လက်မခန့် ခွာ၍ မြေဩဇာကို ကျွေးပါ
-
မြေဩဇာလောင်သောအပင်များကို တစ်လခန့် မြေဩဇာထပ်မံကျွေးခြင်းမပြုရပါ။
အချုပ်အားဖြင့် တောင်သူဦးကြီးများအနေဖြင့် မြေဩဇာကျွေးမည်ဆိုပါက မှန်ကန်သောနှုန်းထား၊ မှန်ကန်သော နည်းလမ်းများဖြင့် သီးနှံပင်များကို မြေဩဇာကျွေးနိုင်မည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး သီးနှံများ အထွက်တိုးနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
သီးနှံပင်များတွင် မြေဩဇာလောင်ခြင်းနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက Myanma awba- Comet Fertilizer Fb Page တွင် လာရောက်မေးမြန်းနိုင်ပါသည်ခင်ဗျာ။
