နှမ်းသီးလုံး‌ဖောက်ပိုး(Sesame Pod Borer)

နှမ်းသီးနှံဟာ အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ စိုက်ပျိုးကြတဲ့ အရေးပါဆုံး ဆီထွက်သီးနှံတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်သူကြီးတွေအနေနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့အခါ ပိုးမွှားကျရောက်မှုကြောင့် အထွက်နှုန်း ဆုံးရှုံးမှုတွေနဲ့ မကြာခဏ ရင်ဆိုင်ရလေ့ရှိပါတယ်။ ၎င်းတို့အနက် နှမ်းရွက်လိပ်ကျိုင်း၊ နှမ်းပွင့်ထွေးပိုး သို့မဟုတ် နှမ်းသီးလုံးဖောက်ပိုးဟာ ဖျက်ဆီးမှုအပြင်းထန်ဆုံးဖြစ်ပြီး၊ ကျရောက်မှု ဆိုးရွားရင် သီးနှံအထွက်နှုန်းကို ၉၀% အထိ ဆုံးရှုံးပျက်စီးစေနိုင်တာဖြစ်ပါတယ်။

ဒီပိုးမွှားဟာ နှမ်းပင်ရဲ့ ကြီးထွားမှုအဆင့်တိုင်းမှာ အရွက်၊ အညွန့်၊ အပွင့်နဲ့ သီးတောင့်တွေကို ဖောက်ဝင်ဖျက်ဆီးပြီး သီးနှံအထွက်နှုန်းနဲ့ မျိုးစေ့အရည်အသွေးကို သိသိသာသာ ကျဆင်းစေတတ်ပါတယ်။


 ၁။ ပိုးမွှားကို မည်သို့ခွဲခြားသတ်မှတ်မလဲ?

နှမ်းသီးလုံးဖောက်ပိုးကို ၎င်းတို့ရဲ့ ဘဝစက်ဝန်းအလိုက် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ် –

  • ဖလံကောင် (Adult Moth): ကိုယ်ထည်ဟာ ကောက်ရိုးရောင်ရှိပြီး ရှေ့တောင်ပံတွေမှာ အနီရောင်အကြောလိုင်းလေးတွေ ပါရှိပါတယ်။

  • ဥများ (Eggs): သေးငယ်ပြီး အစိမ်းနုရောင်ရှိကာ နုနယ်တဲ့ အရွက်တွေ၊ အပွင့်တွေနဲ့ သီးတောင့်တွေပေါ်မှာ တစ်လုံးချင်းစီ ဥအုချတတ်ပါတယ်။

  • ပိုးလောက်ကောင် (Larvae): အကောင်ငယ်အဆင့်မှာ အစိမ်းနုရောင်ရှိပြီး အရွယ်ရောက်လာရင် ခေါင်းမည်းပြီး ခန္ဓာကိုယ်ပေါ်မှာ အမွေးတိုအမည်းလေးတွေ ရှိနေတာကြောင့် အမည်းစက်လေးတွေလို မြင်တွေ့ရပါတယ်။

 ၂။ ဖျက်ဆီးမှုလက္ခဏာများ

ပိုးလောက်ကောင်တွေဟာ ကနဦးမှာ အရွက်နုတွေကို အမျှင်တွေနဲ့ပတ်ပြီး လိပ်ကာ အတွင်းကနေ ကွယ်ပုန်းစားသောက်ကြပါတယ်။ နောက်ပိုင်းမှာတော့ အပွင့်နဲ့ သီးတောင့်တွေထဲကို ဖောက်ဝင်ဖျက်ဆီးတတ်ပါတယ်။

⚠️ အတွေ့ရများသော လက္ခဏာများ:

  • အရွက်များ လိပ်ကပ်နေခြင်း သို့မဟုတ် ပိုက်ကွန်ကဲ့သို့ ဖြစ်နေခြင်း။

  • ကြီးထွားနေသော အညွန့်များ ပျက်စီးသွားခြင်း။

  • သီးတောင့်များတွင် ပိုးဖောက်ထားသော အပေါက်များဖြစ်နေခြင်း။

  • အပွင့်များ ကြွေကျပြီး အောင်မြင်သော အစေ့အဆန် မဖြစ်ထွန်းခြင်း။

 ၃။ ရာသီအလိုက် ကျရောက်တတ်သော အခြေအနေနှင့် ပိုးကြိုက်နှစ်သက်သောရာသီဥတု

သုတေသနပြုချက်များအရ ဤပိုးမွှားသည် ပူနွေးစိုစွတ်သော ကာလများ တွင် ပိုမိုကျရောက်တတ်ကြောင်း သိရသည်။

 ပိုးကျရောက်မှုကို အားပေးသော ရာသီဥတု:

 စိုထိုင်းဆမြင့်မားခြင်းနှင့် တိမ်ထူပြီး စိုစွတ်သော အခြေအနေများသည် ပိုးအစုလိုက်အပြုံလိုက် ကျရောက်မှုကို ဖြစ်စေသည်။ သို့သော် နေရောင်ခြည်ရရှိမှု ကြာမြင့်ချိန်များပါက ပိုးကျရောက်မှုကို လျော့နည်းစေနိုင်ပါသည်။


 ၄။ ကာကွယ်နှိမ်နင်းရန် နည်းလမ်းများ

(က) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

  • ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်း: ပိုးမွှားကျရောက်မှုကို စောစီးစွာသိရှိနိုင်ဖို့ သီးနှံကြီးထွားမှုကာလနဲ့ ပန်းပွင့်ချိန်တွေမှာ စိုက်ခင်းကို ပုံမှန်စစ်ဆေးပါ။

  • ဖျက်ဆီးပစ်ခြင်း: ပိုးလောက်ကောင် အရေအတွက် လျော့နည်းသွားစေဖို့ ပိုးကျနေတဲ့ အရွက်လိပ်တွေ၊ အညွန့်တွေနဲ့ သီးတောင့်တွေကို ဆွတ်ခူးပြီး စိုက်ခင်းပြင်ပမှာ ဖျက်ဆီးပစ်ပါ။

  • စိုက်ခင်းသန့်ရှင်းရေး: ပိုးမွှားတွေ ခိုအောင်းရှင်သန်နိုင်တဲ့ ပေါင်းမြက်တွေနဲ့ အိမ်ရှင်ပင်တွေကို စနစ်တကျ ဖယ်ရှားပါ။

  • မျှတသော မြေဩဇာသုံးစွဲမှု: ပိုးမွှားတွေကို ဆွဲဆောင်နိုင်တဲ့ အပင်ရဲ့ ပင်ပိုင်းကြီးထွားမှုကို ဖြစ်စေတဲ့ နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာ အလွန်အကျွံကျွေးခြင်းမှ ရှောင်ကြဉ်ပါ။

(ခ) အချိန်ကိုက် ပိုးမွှားနှိမ်နင်းခြင်း

ပိုးမွှားကျရောက်မှုဟာ စီးပွားရေးအရ ထိခိုက်နိုင်တဲ့ ပိုးကောင်ရေအဆင့် (ETL – Economic Threshold Level) သို့ ရောက်ရှိပါက သင့်တော်သော ပိုးသတ်ဆေးများ သို့မဟုတ် ဇီဝဗေဒဆိုင်ရာ ကာကွယ်နှိမ်နင်းနည်းများကို စနစ်တကျ အသုံးပြုရပါမယ်။

(ဂ) အသုံးပြုနိုင်သော ဓာတု‌‌‌‌ဗေဒပိုးသတ်ဆေးများ

ဆေးအေအိုင်များ၏ အကျိုးသက်ရောက်မှု အကျဉ်းချုပ်

ဆေးအေအိုင် (AI) အာနိသင် အမျိုးအစား ထူးခြားချက်
Emamectin benzoate ထိသေ၊ စားသေ၊ အရွက်တွင်းစိမ့်ဝင်ထိုးဖောက် ရွက်လိပ်ပိုးနှင့် သီးလုံးဖောက်ပိုးကို ချက်ချင်းသေစေခြင်း
Spinetoram

 

ထိသေ၊ စားသေ အာနိသင် အလွန်မြန်ဆန်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု အားနည်းခြင်း
Indoxacarb ထိသေ၊ စားသေ ဥကန်းဆေး အာနိသင်ပါဝင်ပြီး သက်တမ်းအလိုက် လောက်ကောင်ကို နှိမ်နင်းနိုင်ခြင်း

နှမ်းသီးလုံးဖောက်ပိုးဟာ ဆေးယဉ်ပါးမှု ဖြစ်လွယ်တာကြောင့် Emamectin ဖျန်းပြီးပါက နောက်တစ်ကြိမ်တွင် မတူညီသော ဆေး Ai  ဥပမာ – Indoxacarb စသဖြင့် အေအိုင်အုပ်စု မတူတာကို ပြောင်းဖျန်းပါ။

နှမ်းပင်ရဲ့ အရွက်တွေမှာ အမွှေးအမျှင်တွေ ရှိတတ်လို့ ဆေးရည် စွဲကပ်မှုကောင်းစေရန် စွဲကပ်ပျံ့နှံ့ဆေးကို ထည့်သွင်းအသုံးပြုပါ။

ပိုးလောက်ကောင်တွေ သီးတောင့်ထဲကို မဖောက်ဝင်မီ (ဖလံကောင်တွေ ဥအုပြီးစ အချိန် သို့မဟုတ် ပန်းပွင့်/သီးကင်းဝင်စအချိန်) တွင် ကြိုတင်ကာကွယ် ဖျန်းပေးခြင်းက အထိရောက်ဆုံး ဖြစ်ပါတယ်။

မြန်မာ့ဩဘာမှ အလန်း /ငှက်ကြီးတောင် /ဆိုင်ကလုံး နှင့် ဇိုင်ကလုံး စသည့်ဆေးများအသုံးပြုနိုင်ပါသည်ခင်ဗျာ


 နိဂုံးချုပ်

နှမ်းသီးလုံးဖောက်ပိုးဟာ နှမ်းစိုက်ပျိုးထုတ်လုပ်မှုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။ သီးနှံဆုံးရှုံးမှုကို လျှော့ချဖို့အတွက် စောစီးစွာ သိရှိခြင်း၊ စိုက်ခင်းကို စနစ်တကျ စောင့်ကြည့်စစ်ဆေးခြင်းနဲ့ အချိန်မီ ကာကွယ်နှင်းနင်းခြင်းတို့က ဦးကြီးတို့ရဲ့ နှမ်းခင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဦးကြီးတို့ရဲ့ နှမ်းစိုက်ခင်းမှာ နှမ်းသီးလုံးဖောက်ပိုး ကာကွယ်နှိမ်နင်းဖို့အတွက် ထိရောက်တဲ့ ပိုးသတ်ဆေးအညွှန်းများနှင့် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို အသေးစိတ် သိရှိလိုပါက Myanma Awba Facebook Page Messenger မှာ အခုပဲ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။