အပင်ကြီးထွားရန် ရွက်ဖျန်းမြေဩဇာ စနစ်တကျအသုံးပြုနည်း (၅)ချက်

ရွက်ဖျန်းမြေဩဇာဖျန်းခြင်းသည် အပင်၏ အရွက်များမှတစ်ဆင့် အာဟာရကို တိုက်ရိုက်စုပ်ယူစေခြင်းဖြစ်သောကြောင့် အမြစ်မှ ကျွေးခြင်းထက် ပိုမိုမြန်ဆန်သော ရလဒ်ကို ပေးစွမ်းနိုင်ပါသည်။ အပင်ကြီးထွားမှု ကောင်းမွန်စေရန်အတွက် ရွက်ဖျန်းမြေဩဇာများကို အောက်ပါအတိုင်း စနစ်တကျ အသုံးပြုနိုင်ပါသည်။

၁။ ဘယ်အချိန်မှာ ရွက်ဖျန်းမြေဩဇာကျွေးသင့်သလဲ

ရွက်ဖျန်းမြေဩဇာကျွေးခြင်းသည် အပင်၏ လေရှူပေါက် (Stomata) များ ပွင့်နေသည့် အချိန်တွင် ဖြန်းရန် အသင့်တော်ဆုံးဖြစ်ပါသည်။

  • နေရောင်ခြည် သိပ်မပြင်းထန်သော မနက်စောစော (၉ နာရီမတိုင်မီ) သို့မဟုတ် ညနေစောင်း (၄ နာရီနောက်ပိုင်း) တို့တွင် ဖြန်းသင့်ပါသည်။
  • နေပြင်းသော နေ့လယ်ပိုင်းတွင် မဖြန်းသင့်ပါ ။ ဖြန်းပါက ဆေးရည်များ အငွေ့ပျံလွယ်ခြင်း ဆေးအာနိသင်ပြောင်းလဲကာ အရွက်များလောင်ကျွမ်းခြင်းတို့ ဖြစ်စေနိုင်ပါသည်။

၂။ ဆေးဖျော်စပ်မှု အချိုးအစား

  • အပင်ကို  ကြီးထွားစေရန် ဆေးဖျန်းသော်လည်း ဆေးနှုန်းထားကို အလွန်အကျွံ သုံးစွဲခြင်းမျိုး မပြုလုပ်ရပါ။တန်ဆေး လွန်ဘေးဖြစ်တတ်ပါသည်။
  • ထုတ်ပိုးမှုတွင် ပါရှိသော အညွှန်းစာကို သေချာစွာ ဖတ်ရှုပြီး အချိုးအစားအတိုင်း ဖျော်စပ်ပါ။
  • အကယ်၍ ရွက်ဖျန်းအားဆေးကို အခြားသော စိုက်ပျိုးရေးသုံးဆေးများဖြင့် ရောစပ်ဖျန်းချင်ပါက ဆေးပုံးထဲ တစ်ခါတည်း ရောစပ်ခြင်းမလုပ်ဘဲ အပြင်တွင် ပမာဏ နည်းနည်း ရောစပ်ပြီး အဆင်ပြေမှ ဆေးဖျန်းပုံးတွင် ရောစပ်အသုံးပြုပါ။


၃။ အပင်ကို နှံ့စပ်အောင်ဖျန်းပါ

  • အပင်အများစု၏ အာဟာရစုပ်ယူသော အပေါက်ငယ်လေး(လေရှုပေါက်)များသည် အရွက်၏ အောက်မျက်နှာပြင် တွင် ပိုမိုများပြားစွာ ရှိတတ်ပါသည်။
  • ဆေးဖြန်းသည့်အခါ အရွက်အပေါ်တင်မကဘဲ အရွက်အောက်ဘက်ကိုပါ ဆေးရည်နှံ့စပ်အောင် ဖြန်းပေးရပါမည်။
  • ရွက်ဖြန်းအားဆေးများကို နှင်းမှုန်လေးများသဖွယ် ဆေးဖျန်းပုံးဖြင့် ပက်ဖြန်းပေးခြင်းက အပင်နှစ်သက်သော ပက်ဖျန်းနည်းဖြစ်ပါသည်။

၄။ မိုးလေဝသ အခြေအနေကို အမြဲလေ့လာပါ

  • လေပြင်းထန်နေပါက ဆေးမှုန်များ လွင့်စင်သွားပြီး အပင်သို့ မရောက်ရှိနိုင်ပါ။
  • ဆေးဖြန်းပြီးနောက် အနည်းဆုံး ၃ နာရီမှ ၄ နာရီအတွင်း မိုးမရွာရန် လိုအပ်ပါသည်။ မိုးရွာပါက အာဟာရဓာတ်များ မိုးနှင့်အတူပါသွားနိုင်ပါသည်။
  • ထို့ကြောင့် လေငြိမ်သောအချိန်/ မိုးမရွာသည့်အချိန်တွင် အချိန်ကိုက်ဖျန်းနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

၅။ အပင်၏ လိုအပ်ချက်နှင့် ကိုက်ညီသော အာဟာရကို ဖျန်းပါ။

  • အပင်သန်စွမ်းရန်အတွက် နိုက်ထရိုဂျင် (N)အချိုး မြင့်မားသော ရွက်ဖျန်းမြေဩဇာကို သုံးပါ။
  • အပွင့်၊ အသီးအတွက် ဖော့စဖရပ် (P) နှင့် ပိုတက်စီယမ် (K) အပြင် အနည်းလို အာဟာရဓာတ်များ (Micronutrients) ပါဝင်သည်ကို ရွေးချယ်အသုံးပြုပါ။

သတိပြုရန်

ရွက်ဖျန်းမြေဩဇာသည် မြေခံမြေဩဇာကို အစားထိုးနိုင်သည်မဟုတ်ဘဲ ဖြည့်စွက်စာ အဖြစ်သာ သုံးစွဲရခြင်းဖြစ်ကြောင်း သတိပြုစေလိုပါသည်။ အပင်သန်စွမ်းရန် မြေကြီးထဲသို့ မြေဩဇာထည့်ခြင်းနှင့် ရွက်ဖျန်းအားဆေးကျွေးခြင်းတို့ကို မျှတအောင် လုပ်ဆောင်ပေးရပါမည် ။

မိမိသီးနှံ စိုက်ခင်းတွင် ရွက်ဖျန်းမြေဩဇာအသုံးပြုလိုပါက Myanma Awba Facebook Page Messenger တွင်လာရောက် မေးမြန်းနိုင်ပါသည်ခင်ဗျာ။